၆.၄.၂၀၂၆
Written by Nay Yaung
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဧပြီ ၆ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူကို ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်ပြခဲ့ကြောင်း သိရသည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား လွှတ်တော်သို့ တင်ပြခဲ့ပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးအောင်နိုင်သူကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် အစည်းအဝေး မတက်ရောက်နိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက် ရယူခြင်းတို့ ဦးစွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။






