◾️ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်နိုင်ရန် တင်ပြခြင်းနှင့်စပ်လျဉ်းပြီး မနက်ဖြန် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်
၆. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုအား ပြည်ထောင်စုဝန်ကြီးဦးရေ ၃၀ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အသိပေးကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးဌာနကို ၃၁ ခုဖြင့်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးရေကို ၃၀ ဦးဖြင့် လည်းကောင်း သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၆ တို့နှင့်အညီ ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်နေ့ ရက်စွဲစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားခြင်းဖြစ်သည်။


နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထားသည့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန ၃၁ ခုသည် (၁) ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်သမ္မတရုံး၊ (၂) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ (၃) နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ (၄) ပို့ဆောင်ရေးဝန်ကြီးဌာန၊ (၅) ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ (၆) ကာကွယ်ရေးဝန်ကြီးဌာန၊ (၇) ပြည်ထဲရေးဝန်ကြီးဌာန၊ (၈) နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၉) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ (၁၀) နယ်စပ်ရေးရာဝန်ကြီးဌာန၊ (၁၁) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ (၁၂) ဥပဒေရေးရာဝန်ကြီးဌာန၊ (၁၃) ပညာရေးဝန်ကြီးဌာန၊ (၁၄) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ (၁၅) ကျန်းမာရေးဝန်ကြီးဌာန၊ (၁၆) အမျိုးသမီးရေးရာဝန်ကြီးဌာန၊ (၁၇) ပြန်ကြားရေးဝန်ကြီးဌာန၊ (၁၈) သာသနာရေးဝန်ကြီးဌာန၊ (၁၉) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ (၂၀) သမဝါယမနှင့် ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ (၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၂၂) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ (၂၃) စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ (၂၄) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၂၅) အလုပ်သမားဝန်ကြီးဌာန၊ (၂၆) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ (၂၇) အားကစားရေးရာဝန်ကြီးဌာန၊ (၂၈) လူငယ်ရေးရာဝန်ကြီးဌာ၊ (၂၉) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ (၃၀) လူမှု့ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ (၃၁) ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူထံမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်စာရင်းကို ယနေ့ အစည်းအဝေးအပြီးတွင် သတ်ဆိုင်ရာပါတီအလိုက် ဆက်သွယ်ရန် တာဝန်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ကိုယ်စားလှယ်တို့အနေဖြင့် ယနေ့ အစည်းအဝေးပြီးချိန်တွင် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ လာရောက်ထုတ်ယူနိုင်ကြောင်း နာယက က အသိပေးပြောကြားသည်။


အထက်ပါ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်နိုင်ရန် တင်ပြခြင်းနှင့်စပ်လျဉ်းပြီး မနက်ဖြန် ဧပြီ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးရန်ရှိပါက ဆွေးနွေးခြင်းအစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်နှင့် အမည်သတ်မှတ်ချက်ကိုဖြစ်စေ၊ ဝန်ကြီးဦးရေသတ်မှတ်ချက်ကိုဖြစ်စေ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့နိုင်ပါကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့သည်။
