၂၇. ၂. ၂၀၂၃
Written by Peya

ပိုက်ဆံအိတ် အလုခံရသောကြောင့် ဆိုင်ကယ်ဖြင့် ပြန်လိုက်သည့် အမျိုးသမီး ၂ ဦး ကားကို အရှိန်လွန် ဝင်တိုက်မိသည့် ဖြစ်စဉ်တစ်ခု ပြင်ဦးလွင်မြို့တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပေါ်ပါသူ အမျိုးသမီး ၂ ဦး အနက် အမျိုးသမီး ၁ ဦး ၏ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု သိရကြောင်း ဒဏ်ရာရ လူနာများကို သွားရောက် ကူညီပေးခဲ့သည့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းထံက သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေပိုင်း ၄ နာရီ ၁၅ မိနစ်အချိန်က သစ်တောလမ်းနှင့် သိင်္ဂါလမ်းထောင့်၊ ပိန္နဲရိပ်ခေါက်ဆွဲဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၂ ဦး စီးလာသည့် ဆိုင်ကယ်ကို လုယက်သူက ဆိုင်ကယ်ချင်း ဘေးချင်းယှဉ်စီးကာ ပိုက်ဆံအိတ် လုယူသွားစဉ် နောက်ကပြန်လိုက်ရာမှ ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒဏ်ရာရတာမှာ တစ်ယောက်ကတော့ ဒီလောက်မဆိုးပါဘူး။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းပါတယ်။ ခေါင်းထိတယ်။ အဓိက က ပေါင်လည်း ကျိုးတယ်” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပိုက်ဆံကိုလုသည့်အတွက် နောက်မှလိုက်ချိန်တွင် Light Truck ယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကာ ဒေသခံများ၏ ပြောကြားချက်အရ လုယက်ခံရသည့် နေရာမှာလည်း အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးအနားတွင်ပင် ဖြစ်သည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။

“နောက်ကနေလိုက်တဲ့ အခါကျတော့ အရှိန်မထိန်းနိုင်တာလည်း ပါမှာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *