၂၇. ၂. ၂၀၂၃
Written by Nay Aung

မလေးရှားရဲတပ်ဖွဲ့ နှင့်ထောက်လှမ်းရေးတပ်ဖွဲ့သည် ပြီးခဲ့သော ရက်ပိုင်းက Pokok Sena ပြည်နယ် Kampung Bukit Lada ဒေသရှိ ဂိုဒေါင်တစ်ခုကို စီးနင်းခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၂ ဦးကို မလေးရှားရင်းဂစ် ၁၂၄၀၀၀ တန်ဖိုးရှိ ဒီဇယ် ၈၀၀၀ လီတာအလွဲသုံးစားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ကုန်သွယ်ရေး နှင့် ပြည်တွင်းနေထိုင်မှုစရိတ်ဆိုင်ရာဝန်ကြီးဌာန (KPDN)၏ ညွှန်ကြားရေးမှူးချုပ် Affendi Rajini Kanth ကပြောသည်။

မလေးရှားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်အတွင်း ဒီဇယ်လှောင်ကန်နှစ်ခုနှင့် ဒီဇယ်ထုတ်ရာတွင်အသုံးပြုသော ပစ္စည်းများကိုတွေ့ရှိခဲ့ပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း KPDN ၏ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် အသက် ၃၀ မှ ၄၀ အရွယ်အကြားရှိသူများဖြစ်ကြောင်းနှင့် ၎င်းတို့ကို ထပ်မံစုံစမ်းစစ်ဆေးရန်အတွက် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

“စီးနင်းရှာဖွေရာမှာ ထိန်းချုပ်ထားတဲ့ ကုန်ပစ္စည်းများကို ထိန်းသိမ်းခွင့်အတွက် ခွင့်ပြုချက်မရှိဘဲ သိုလှောင်ထားလို့ ဖမ်းဆီးခဲ့တာဖြစ်တယ်။ ဖမ်းဆီးထားသူများကို အသေးစိတ်ထပ်မံစစ်ဆေးနိုင်ဖို့ တရားရုံးကနေချုပ်ရက် ရမန်ယူထားတယ်။ ရမန်လေးရက်ရရှိထားပြီး နောက်ထပ်အသေးစိတ်စုံစမ်းစစ်ဆေးမှာဖြစ်တယ်။”ဟု KPDN ၏ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

သိမ်းဆည်းရမိသော ပစ္စည်းများသည် ကာလတန်ဖိုး မလေးရှားရင်းဂစ် ၁၂၄၀၀၀ တန်ဖိုးရှိကြောင်း၊ အပြစ်ရှိကြောင်း စီရင်ခံရပါက ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်ခုစီချမှတ်နိုင်သလို ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ခုစလုံးချမှတ်နိုင်ကြောင်း မလေးရှားအစိုးရတာဝန်ရှိသူများက ပြောသည်။

” အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရမယ်ဆိုရင်တော့ တစ်ဦးကို မလေးရှားရင်းဂစ် ၃သန်းထက်မပိုတဲ့ ငွေဒဏ်၊ သို့မဟုတ် ၅နှစ်ထက် မပိုတဲ့ ထောင်ဒဏ်လည်း ချမှတ်နိုင်တယ်။ ငွေဒဏ်ရော၊ ထောင်ဒဏ်ရော နှစ်ခုစလုံးလည်း ချမှတ်နိုင်တယ်” ဟု KPDN ၏ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ref —New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News