၂၇. ၂. ၂၀၂၃
Translated by Htwe Ko Tun

တူရကီနိုင်ငံမှ ထွက်ခွာလာသည့် ရွှေ့ပြောင်းနေထိုင်သူများအား တင်ဆောင်လာသော သစ်သားစက်လှေတစ်စီးသည် အီတလီနိုင်ငံတောင်ပိုင်း ကာလာဘရီယာဒေသ ကမ်းခြေအလွန် ပင်လယ်ပြင်အတွင်း ကျောက်ဆောင်နှင့်တိုက်မိရာမှ ကွဲအက်ကျိုးပဲ့ကာ နစ်မြုပ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အနည်းဆုံးလူ ၅၉ ဦးသေဆုံးခဲ့ကြောင်း အီတလီအာဏာပိုင်များက ပြောခဲ့သည်။

ပင်လယ်အတွင်းစက်လှေနစ်မြုပ်ရာမှ သေဆုံးခဲ့သော လူသုံးဦးတို့၏ ခန္ဓာကိုယ်များကို ဖေဖော်ဝါရီ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၀ တွင် အီတလီတောင်ပိုင်း စတတ်ကာတို ဒီ ကူထရို သဲသောင်ပေါ်တွင် စတင်တွေ့ရှိခဲ့ကြသည်။ စက်လှေက တူရကီနိုင်ငံ၊ အစ်ဇမားမြို့မှ လွန်ခဲ့သော သုံးရက်(သို့မဟုတ်)လေးရက်ခန့်က ထွက်ခွာလာကြခြင်းဖြစ်ပြီး စက်လှေပေါ်တွင် လူ ၁၄၀ မှ ၁၅၀ အထိလိုက်ပါလာကြောင်း သိရသည်။ စက်လှေ၏ အကျိုးအပဲ့၊ အပိုင်းအစများကို ဖက်တွယ်မျောပါနေသော လူ ၈၀ ဦးခန့်ကို ကယ်ဆယ်လိုက်နိုင်ပြီး အသက်ရှင်ကျန်ရစ်သူများတွင် အီရန်၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံသားများပါဝင်ကြောင်း အီတလီမီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ က “ပေ ၂၀ လောက်ရှည်တဲ့ စက်လှေထဲမှာ ဒီလောက်ရာသီဥတုဆိုးဝါးနေချိန် လူ ၂၀၀ လောက်တင်ပြီး စက်လှေနဲ့ဒီပင်လယ်ကိုဖြတ်ခိုင်းတာ လူကုန်ကူးပွဲစားတွေအနေနဲ့ ရာဇဝတ်မှုကိုကျူးလွန်တာပဲ” ဟုပြောခဲ့သည်။

စက်လှေဖြတ်သန်းလာခဲ့သည့် မြေထဲပင်လယ် ခေါ် မက်ဒီတာရေးနီးယန်းပင်လယ်အတွင်း ရာသီဥတုဆိုးဝါးနေမှုက ရှာဖွေကယ်ဆယ်မှုများအား အတားအဆီးဖြစ်လျက်ရှိပြီး သေဆုံးသူအရေအတွက်မှာ တိုးမြင့်လာနိုင်သေးကြောင်းလည်း သိရသည်။

အီတလီနိုင်ငံတောင်ပိုင်းသို မက်ဒီတာရေးနီးယန်းပင်လယ်ကိုဖြတ်လျက် ဝင်ရောက်လာကြသူများမှာ ၂၀၂၃ ခုနှစ်အတွင်း၌ပင် ၁၁,၈၇၄ ဦးအထိရှိပြီဖြစ်ကြောင်း အီတလီအာဏာပိုင်များက ပြောကြားခဲ့သည်။ ဝင်ရောက်လာသူများမှာ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသမှထက် အာဖရိကနိုင်ငံများမှ အများစုဖြစ်ပြီး လစ်ဗျားနိုင်ငံမှာ စက်လှေများဖြင့် မက်ဒီတာရေးနီးယန်းပင်လယ်ကိုဖြတ်လျက် ဥရောပနိုင်ငံများသို့ ဝင်ရောက်ရန် ကြိုးစားကြခြင်းဖြစ်သည်။ မက်ဒီတာရေးနီးယန်းပင်လယ်၏ အလယ်ပိုင်းလမ်းကြောင်းကလည်း လူအသေအပျောက်အများဆုံးဖြစ်ကာ ၂၀၁၄ ခုနှစ်မှစတင်၍ ၎င်းအားဖြတ်သန်းဝင်ရောက်ခဲ့သူများအနက် ၂၀,၃၃၄ ဦးသေဆုံးခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *