◾ချက်ပြုတ်စားသောက်ခံရဖွယ်ရှိသည့် မော်ဒယ်၏ ရုပ်ကြွင်းအစအနများနှင့် လူသားတစ်ရှူးပါဝင်သည့် စွပ်ပြုတ်နှစ်အိုး တွေ့ရှိ

MT News

Written by Pan Ei

အသက် ၂၈ နှစ်အရွယ် ဟောင်ကောင်မော်ဒယ်တစ်ဦးကို ရက်စက်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ဟောင်ကောင်ရဲတပ်ဖွဲ့က သံသယရှိသူ လေးဦးကို ဖမ်းဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူလေးဦးမှာ မော်ဒယ်၏ခင်ပွန်းဟောင်းနှင့် သူ၏ မိသားစုဝင်သုံးဦးတို့ဖြစ်ပြီး ငွေကြေးဆိုင်ရာအငြင်းပွားမှုတစ်ခုဖြစ်ပွားပြီးနောက်တွင် သူမသည် အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အသတ်ခံရသူမှာ လွန်ခဲ့သည့် သီတင်းပတ်က ဒစ်ဂျစ်တယ် ဖက်ရှင်မဂ္ဂဇင်း L’Officiel Monaco ​၏ ကာဗာတွင် ဖော်ပြခြင်းခံခဲ့ရသည့် နာမည်ကြီး မော်ဒယ် Abby Choi ဖြစ်ပြီး အလောင်း၏ အကြွင်းအကျန်များကို ရွာတစ်ရွာရှိ သားသတ်ရုံကဲ့သို့ တည်ဆောက်ထားသည့် အိမ်တစ်အိမ်တွင် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ခေါင်းကို ရှာနေတုန်းပါပဲ” ဟု ရဲတပ်ဖွဲ့မှ အလန်ချောင်က ရေခဲသေတ္တာအတွင်း၌ အသတ်ခံရသူ၏ ခြေလက်များကို ရှာဖွေတွေ့ရှိပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့ပြီး “လူသား​ရဲ့ တစ်ရှူးတွေ ပါဝင်တယ်လို့ ယူဆရတဲ့ စွပ်ပြုတ်အိုးနှစ်အိုးကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့တယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။

အသတ်ခံရသည့် မော်ဒယ် Abby Choi သည် ဗုဒ္ဓဟူးနေ့ကတည်းက ပျောက်ဆုံးနေကြောင်း သတင်းရရှိခဲ့ပြီး သူမကား၏ ယာဥ်မောင်းဖြစ်သည့် ခင်ပွန်းဟောင်း၏ အစ်ကိုဖြစ်သူနှင့်အတူ နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။

ရဲများသည် စပိဘုတ်ဖြင့် ထွက်ပြေးရန် ကြိုးစားနေသည့် မော်ဒယ်​၏ ခင်ပွန်းဟောင်းဖြစ်သူကို ဖမ်းဆီးမရမိခင် အစောပိုင်းက ခင်ပွန်းဟောင်း​၏ ဖခင်၊ မိခင်နှင့် အစ်ကိုဖြစ်သူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ အဆိုပါ လေးဦးသည် လူသတ်မှုဆိုင်ရာစွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *