MT News

Written By Thandar

ကိုဓ ဥပဒေကို ကျင့်သုံးရင် မကောင်းတဲ့ဇာတ်သိမ်းပဲရမယ် Message ပေးထားတဲ့ “တောင်းဆုတစ်ခုပြည့်စေသား” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့က မြဝတီမီဒီယာစင်တာမှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ အနုပညာရှင်များတက်ရောက်ခဲ့ပါတယ်။

“ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးကို နန်းခင်ဇေယျာကို ပြောပြချိန်မှာ သူက ဒီဇာတ်လေးကို သဘောကျပြီး ကိုယ်တိုင် ထုတ်လုပ်ခဲ့တာပါ။ သရုပ်ဆောင်နန်းခင်ဇေယျာက ထုတ်လုပ်ပြီးမှ ရောင်းလိုက်တာပါ။ မင်းသားအားနည်းတာကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ရုံတင်ခွင့်မရခဲ့ဘူး။ ကိုဗစ်ဖြစ်ပြီးနောက်မှာ နန်းခင်ဇေယျာလည်း ငွေနည်းနည်းလိုတာကြောင့် ဦးဆာမိရောင်းပေးဆိုတာနဲ့ ‌Triple Six ကုမ္ပဏီကို ရောင်းပေးလိုက်တာပါ။ သူလည်း ပြလည်းမပြနိုင်တော့ မစောင့်နိုင်တာမို့ တော်တော် အရှုံးခံပြီးရောင်းလိုက်တာပါ။ အိန္ဒိယမှာ ကျွန်တော်ရုပ်ရှင်ကားတွေ အသံပိုင်းလည်းထည့် သွင်းထားလို့ ခန့်မှန်းခြေ သိန်း ၁၅၀၀ လောက် ကုန်ပါတယ်။အဲဒီရိုက်ကူးရေးစရိတ်အပြင် ဒီကားကို သေချာလေးကုန် ကျစရိတ်သုံးထားတာကြောင့်ပါ။ ဒီဇာတ်ကားက ကိုဓ ဥပဒေကို ကျင့်သုံးရင် မကောင်းတဲ့ ဇာတ်သိမ်းပဲ ရမယ်ဆိုတာကို Message ပေးထားပါတယ်”လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ မိုးစက်ဝိုင်ရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးထားပါတယ်။

အရင် ဇာတ်ကားအမည်က “ကောင်းကင်တည်မြဲ မြေပြင်တည်မြဲ ငါ့အချစ်တည်မြဲပါစေ”ကနေ “တောင်းဆုတစ်ခုပြည့်စေသား” ဇာတ်ကားအမည်အဖြစ်ပြောင်းလဲပြီး ၂၀၁၇ ခုနှစ်ဝန်းကျင်က ပြင်ဦးလွင်ဘက်မှာ သွားရောက် ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ အကယ်ဒမီ ထွန်းထွန်း၊ ထွန်းကိုကို၊ ထူးခြား၊ မိုးယံဇွန်၊ မိုးဟေကို၊ မေမြင့်မိုရ်နဲ့ နန်းခင်ဇေယျာတို့နဲ့အတူ အနုပညာရှင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားသလို ဒီဇာတ်ကားကို လာမယ့်မတ်လထဲမှာ မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

“လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကနေပြီး ဖြစ်လာတဲ့ အငြိုးအတေးတွေကို ဇာတ်လမ်းဖွဲ့ထားတာပါ။ ပရိသတ်တွေ ကြည့်ရှုပြီးရင် ဝေဖန်အကြံပေးကြပါ။ လိုအပ်တာတွေပြင်ဆင်သွားပါ့မယ်” လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *