MT News

Written by Min Mahar

ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ရွှေဘိုမြို့နယ်ရှိ ရွှေဘို-မန္တလေးကားလမ်းပေါ်တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲကာ မွေးမြူရေးဘဲများ သွားရောက်ပို့ဆောင်သည့် အမျိုးသားတစ်ဦးအား မိုင်းစများထိမှန်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီထိုးခန့်က စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကန်သာကုန်းကျေးရွာတွင် နေထိုင်သော အသက် ၄၈ နှစ်အရွယ် အမျိုး သားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရွှေဘိုမြို့နယ်၊ လှတောကျေးရွာဘက်သို့ မွေးမြူရေးဘဲများ သွားရောက်ပို့ဆောင်စဉ် လှတောကျေးရွာအနီး ရွှေဘို-မန္တလေးကားလမ်းမပေါ်သို့အရောက်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ ၎င်းအမျိုးသားအား မိုင်းစများထိသွားသောကြောင့် မွန်းလွှဲပိုင်းတွင် ရွှေဘိုဆေးရုံကြီးသို့ ဆေးကုသမှုခံယူရာ၌ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသလိုသဖြင့် မွန်းလွှဲ ၂ နာရီက မန္တလေးမြို့သို့ ဒေသခံမော်တော်ယာဉ်ဖြင့် သွားရောက်ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

” ဒီနေ့မနက်အစောကြီးကတည်းက လှတောဘက်ကို ဘဲတွေသွားပို့ရာကနေ မနက် ၉ နာရီခွဲလောက်ကျ မိုင်းကွဲလို့ထိသွားတယ်ကြားပြီး ရွာကနေလိုက်ကြည့်တာ ဟုတ်နေလို့ သက်ဆိုင်ရာတွေ အကြောင်းကြားပြီး ရွှေဘိုဆေးရုံကို ပို့ခဲ့ကြတာ။ ရွှေဘိုဆေးရုံကလည်း မန္တလေးဆေးရုံကြီးကို ပို့မှရမယ်ဆိုလို့ နေ့လည် ၂ နာရီက ထွက်ခဲ့ကြတာပါ” ဟု မိုင်းစထိမှန်သူ၏ ဇနီးဖြစ်သူက MT News သို့ ဖေဖော်ဝါရီ ၂၅ ရက်က ပြောသည်။

အဆိုပါအမျိုးသားသည် ယာဘက်ဒူးခေါင်းကို မိုင်းစထိမှန်သည့်ဒဏ်ရာ ၁ ချက်နှင့် ယာဘက်ပေါင်ကို မိုင်းစထိမှန်သောဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)တို့ရရှိကာ ရွှေဘိုဆေးရုံကြီးမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *