
MT News
၄. ၄. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လိုက်သည်။
ယမန်နေ့ မတ်လ ၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရပြီးနောက် ချက်ချင်းပေးပို့လာသည့် ရုရှားသမ္မတ၏ သဝဏ်လွှာတွင် အဆွေတော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရသည့်အတွက် လှိုက်လှဲစွာ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ရုရှား-မြန်မာဆက်ဆံရေးသည် သဘာဝအရ ရင်းနှီးပွင့်လင်းသော ဆက်ဆံရေးဖြစ်ကြောင်းကို ပြီးခဲ့ သည့်နှစ်က မော်စကိုမြို့တွင် ပြုလုပ်ခဲ့သော မိမိတို့၏ တွေ့ဆုံဆွေးနွေးမှုများက ထပ်လောင်းအတည်ပြုပေးခဲ့ပါသည်။ အဆွေတော်၏ သမ္မတသက်တမ်းအတွင်း နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် လည်းကောင်း၊ အာရှ-ပစိဖိတ်ဒေသ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခိုင်မာစေရန်အတွက်လည်းကောင်း အပြုသဘောဆောင်သည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု မိမိအနေဖြင့် အခိုင်အမာ ယုံကြည်ပါသည်ဟုလည်း ဂုဏ်ပြုထားသည်။
ယင်းအပြင် အခွင့်အခါကြုံခိုက် အဆွေတော်နှင့်တကွ မြန်မာပြည်သူများအားလုံးထံသို့ မကြာမီ ကျရောက် တော့မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယ သင်္ကြန်ပွဲတော်အတွက် လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါ ကြောင်း၊ အဆွေတော် ကျန်းမာပါစေကြောင်းနှင့် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုလည်း ရုရှားသမ္မတက ဂုဏ်ပြုပေးခဲ့သည်။
ထို့အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ တာရာ့နီကော့ဗ် အန်ဒရေ အလက်ဇန်ဒရိုဗစ်ချ်ကလည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ခင်မင်ရင်းနှီးစွာ ပြောကြားလိုကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်း အပေါ် အလေးအနက်ဝမ်းမြောက်မိပါကြောင်း၊ အဆွေတော်၏ ပင်ကိုယ်အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုဗိုစီဗစ်ဒေသတို့အကြား ဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော် ကျန်းမာချမ်းသာ၍ ဆောင်ရွက်သမျှအစီအစဉ်တိုင်း ပြည့်စုံအောင်မြင်ပါစေကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ဦးဆောင်ရာတွင် အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်းနှင့် အကျိုးဖြစ်ထွန်းသော ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကတိကဝတ်ပြုပါကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
