သတိုး
၃. ၄. ၂၀၂၆
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ ရွေးချယ်တင်မြှောက်ခံရသည့်အပေါ် ဂုဏ်ပြုဝမ်းမြောက်ပါကြောင်း သဝဏ်လွှာကို “ဝ”လက်နက်ကိုင် UWSA က ယခု ပေးပို့လိုက်သည်။
အဆိုပါ သဝဏ်လွှာတွင် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရကြောင်းကို ဝမ်းမြောက်စွာကြားသိရကြောင်း၊ UWSA နှင့် “ဝ” ပြည်နယ်ရှိပြည်သူများအားလုံးမှ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

ထို့အပြင် “သမ္မတကြီးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏လုံခြုံမှု၊ အေးချမ်းသာယာမှု၊ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူမှုစီးပွား တည်ငြိမ်တိုးတက်ရေးအတွက် များစွာသော ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်ခဲ့ပြီး ထူးခြားသော အောင်မြင်မှုများရရှိခဲ့ပါသည်။ ဤကဲ့သို့သော ဆောင်ရွက်မှုများနှင့် ဂုဏ်ဒြပ်များသည် မှတ်သားချီးကျူးထိုက်ပေသည်။”ဟုလည်း UWSA က ချီးကျူးဂုဏ်ပြုထားသည်။
ထို့အပြင် “ဝ”ဒေသသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ခွဲထွက်မရသည့် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြားလွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာရပ်တည်ထားကြောင်း၊ “ဝ”ဒေသသည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို လျှောက်လှမ်းရန် စွဲမြဲစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသား တန်းတူညီမျှရေး၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ကာ နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနိုင်ငံတော်၏ မူဘောင်အောက်တွင်ပြည်ထောင်စုအစိုးရနှင့် ဆက်လက်ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မိမိတို့၏ နိုင်ငံရေးဆန္ဒများကို အကောင်အထည်ဖော်သွားကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သမ္မတကြီး၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတော်သည် ငြိမ်းချမ်းတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသား ပြည်သူအားလုံး သာယာဝပြောမှုတို့ကို အမြန်ဆုံး ရရှိလိမ့်မည်ဟု အခိုင်အမာယုံကြည်ပါကြောင်းလည်း သဝဏ်လွှာဖြင့် ဂုဏ်ပြုထားသည်။
အလားတူ သမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ မိသားစုဝင်များအားလုံး ကျန်းမာပါစေကြောင်းနှင့် နိုင်ငံတော် ငြိမ်းချမ်း သာယာဝပြောပါစေကြောင်းလည်း UWSA က ဆုတောင်း မေတ္တာပို့သထားသည်။


