◾ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၄၂၉ မဲအထိ ခိုင်လုံမဲအသာစီးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဦးညိုစောက ၁၂၆ မဲနှင့် ဒေါ်နန်းနီနီအေးက ၂၉ မဲရရှိခဲ့
၃. ၄. ၂၀၂၆
Written by Nyein Kyaw
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ (၁)အဖြစ် ဦးညိုစောနှင့် ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီနီအေးတို့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။
ယနေ့ ကျင်းပသော အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၈၆ ဦးအနက် ၅၈၄ ဦး တက်ရောက်သည့်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေဆိုင်ရာ ပုဒ်မ ၁၉ ၊ နည်းဥပဒေ ၁၄ ၊ နည်းဥပဒေခွဲ (ဆ)တို့အရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုကြေညာခဲ့သည်။


နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်က ဒုတိယသမ္မတအဖြစ် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကို လည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကိုလည်းကောင်း ဒုတိယသမ္မတ သုံးဦးကို ရွေးချယ်အတည်ပြု တင်ပြထားခြင်းဖြစ်သည်။
ဧပြီ ၂ ရက်(ယမန်နေ့)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ အသီးသီးမှတင်ပြသည့် ဒုတိယသမ္မတများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့၏ အရည်ချင်းပြည့်မီကြောင်း စိစစ်တွေ့ရှိချက်ကို ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုတင်ပြခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ယနေ့ ကျင်းပသည့် တတိတယအကြိမ် ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် ရွေးချယ်တင်ပြထားသည့် ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေးရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ ဆန္ဒမဲပေးရွေးချယ်ရာတွင် ဆန္ဒမဲပေးသူဦးရေ ၅၈၄ ဦးရှိခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဆန္ဒမဲပေးသူဦးရေ ၄၂၉ မဲဖြင့် မဲအပြတ်အသတ် အသာစီးဖြင့် အနိုင်ရရှိခဲ့ပြီး ဦးညိုစောအား ဆန္ဒမဲပေးသူ ၁၂၆ မဲနှင့် ဒေါ်နန်းနီနီအေးက ဆန္ဒမဲ ၂၉ မဲ ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မဲအများဆုံးရရှိသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ ဒုတိယမဲအများဆုံးရရှိသူ ဦးညိုစောက ဒုတိယသမ္မတ (၁) နှင့် မဲအနည်းဆုံးရရှိသူ ဒေါ်နန်းနီနီအေးက ဒုတိယသမ္မတ (၂) အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
