၂.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု အစိုးရက ဗင်နီဇွဲလားနိုင်ငံရဲ့ ကြားဖြတ်သမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်အပေါ် ပိတ်ဆို့မှုတွေကို ဧပြီလ ၁ ရက်မှာ ဖယ်ရှားပေးခဲ့တာမှာ ခေါင်းဆောင်ဟောင်း နီကိုလတ်စ် မာဒူရိုကို ဖြုတ်ချပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပျော့ပျောင်းလာစေဖို့ အမေရိကန်က အဆင့်မြှင့်ဆောင်ရွက်လိုက်တာလို့လည်း ဆိုရမှာပါ။ အမေရိကန်အနေနဲ့ ဗင်နီဇွဲလားအပေါ် ပိတ်ဆို့မှုများကို တဖြည်းဖြည်း ဖြေလျှော့ပေးနေချိန်မှာ ယခုလုပ်ဆောင်ချက် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံ ကြားဖြတ်သမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်အပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတယ်ဆိုတဲ့ ပို့စ်တစ်ခုကို ဧပြီလ ၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးရဲ့ မှတ်တမ်းတစ်ခုအရ ရိုဒရီဂွက်ဇ်ရဲ့ အမည်ကို “အထူးသတ်မှတ်ထားသော နိုင်ငံသားများစာရင်း” မှ ဖယ်ရှားခဲ့ပါတယ်။ ဤလုပ်ဆောင်ချက်က ရိုဒရီဂွက်ဇ်အဖို့တော့ အမေရိကန်ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပိုမိုလွတ်လပ်စွာ လုပ်ကိုင်နိုင်စေမှာ ဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားမြို့တော် ကာရာကာ့စ်ကို ဇန်နဝါရီလ ၃ ရက်မှာ ဝင်ရောက်စီးနင်းကာ ရိုဒရီဂွက်ဇ် မတိုင်ခင်က သမ္မတဖြစ်တဲ့ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးရာထူးမှ ဖြုတ်ချပြီးနောက် သူမက ရာထူးကို လွှဲပြောင်းယူခဲ့တာပါ။
ဘဏ္ဍာရေးဝန်ကြီးဌာနက လူမှုကွန်ရက် X မှာ ထိုဆုံးဖြတ်ချက်ကို ကြေညာခဲ့ရာမှာ ရိုဒရီဂွက်ဇ်ကလည်း ကြိုဆိုခဲ့ပြီး အမေရိကန်နဲ့ ဗင်နီဇွဲလားအကြား ဆက်ဆံရေးကို ပုံမှန်ဖြစ်စေဖို့နဲ့ ခိုင်မာစေဖို့အတွက် မှန်ကန်သောလမ်းကြောင်းပေါ်မှာ သိသာထင်ရှားတဲ့ ခြေလှမ်းဖြစ်တယ်လို့ ခေါ်ဆိုခဲ့ပါတယ်။
မာဒူရိုရဲ့ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းခဲ့တဲ့ ရိုဒရီဂွက်ဇ်က “ဒီတိုးတက်မှုက ကျွန်မတို့နိုင်ငံအပေါ် လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးနိုင်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်၊ ကျွန်မတို့ပြည်သူတွေရဲ့ အကျိုးအတွက် ထိရောက်တဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို တည်ဆောက်ပြီး အာမခံချက်ပေးနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။
မာဒူရိုကို ရာထူးကနေ ဖယ်ရှားပြီးနောက် အမေရိကန်အစိုးရနဲ့ ဗင်နီဇွဲလားအစိုးရကြားက ဆက်ဆံရေးဟာလည်း ပြန်လည်ကောင်းမွန်လာနေပါတယ်။
ရိုဒရီဂွက်ဇ်အဖို့လည်း သူမကို အမေရိကန်အစိုးရက မတ်လမှာ ဗင်နီဇွဲလားခေါင်းဆောင်အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပြီးနောက် အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်တွေနဲ့ သူမကိုထောက်ခံသူတွေရဲ့ တောင်းဆိုချက်တွေကြားမှာ ခက်ခဲတဲ့ စီမံခန့်ခွဲမှုအခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရတာပါ။
အဲဒီကတည်းက သူမဟာ ဗင်နီဇွဲလားရဲ့ စွမ်းအင်လုပ်ငန်းကို အမေရိကန်ကုမ္ပဏီတွေအတွက် ဖွင့်လှစ်ပေးဖို့ ထရမ့်ပ်ရဲ့ တောင်းဆိုချက်တွေကို လိုက်နာနေခဲ့ပါတယ်။ ဝါရှင်တန်က အဓိကအနေနဲ့ ဗင်နီဇွဲလား စက်မှုလုပ်ငန်းတွေအပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။
မတ်လမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံပိုင် Petroleos de Venezuela S.A. ဒါမှမဟုတ် PDVSA အား အမေရိကန်ကုမ္ပဏီတွေနဲ့ နိုင်ငံတကာဈေးကွက်တွေကို ဗင်နီဇွဲလားရေနံကို တိုက်ရိုက်ရောင်းချခွင့်ပြုတဲ့ လုပ်ပိုင်ခွင့်ထုတ်ပြန်ခဲ့ပါတယ်။
အဓိကတိုးတက်မှုတစ်ခုအနေနဲ့တော့ အမေရိကန်နိုင်ငံခြားရေးဌာနက ခုနစ်နှစ်ကြာပိတ်ထားတဲ့ ကာရာကာ့စ်မြို့ရှိ အမေရိကန်သံရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်တယ်လို့ ကြေညာခဲ့ပါတယ်။
Ref-DW News
