၂. ၄. ၂၀၂၆
Written by Nyein Kyaw
မနက်ဖြန် ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ ဧပြီ ၂ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုကြေညာသည်။
ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ အသီးသီးမှတင်ပြသည့် ဒုတိယသမ္မတများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့၏ အရည်ချင်းပြည့်မီကြောင်း စိစစ်တွေ့ရှိချက်ကို ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ရန်အတွက် ဒုတိယသမ္မတများကို ရွေးချယ်အတည်ပြုပြီးဖြစ်ရာ ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်က ဒုတိယသမ္မတအဖြစ် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကို လည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကိုလည်းကောင်း ရွေးချယ်အတည်ပြုထားပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
ထို့ကြောင့် ရွေးချယ်တင်ပြထားသည့် ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၈ အရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တာ်နာယက က အတည်ပြုကြေညာခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်မည့်နေ့တွင် အထက်ပါ ဒုတိယသမ္မတသုံးဦးအား ဆန္ဒမဲပေးဆုံးဖြတ်ကာ မဲအများဆုံးရရှိသူက နိုင်ငံတော်သမ္မတအဖြစ် အစိုးရအဖွဲ့ ဖွဲ့ခွင့်ရမည်ဖြစ်ပြီး ဒုတိယမဲအများဆုံးရရှိသူက ဒုတိယသမ္မတ (၁) နှင့် မဲအနည်းဆုံးရရှိသူက ဒုတိယသမ္မတ (၂) ဖြစ်လာမည်ဖြစ်သည်။

