၃၀.၃.၂၀၂၆
Written by Thiri
လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူက အမျိုးသမီးတစ်ဦးကို လုယက် သတ်ဖြတ် မီးရှို့မှုကျူးလွန်ခဲ့လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး ပြန်လည်ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
ဖြစ်စဉ်က မတ်လ ၃ ရက်က ဟင်္သာတမြို့နယ်၊ ကျုံတုံးကျေးရွာအုပ်စု၊ ဆပ်ပြာအိုင်ကျေးရွာက လူမနေတဲ့ ဝါးပိုးခြံလွတ်အတွင်းမှာ အမျိုးသမီးတစ်ဦး မီးရှို့အသတ်ခံထားရပြီး သေဆုံးသူမှာ အသက် ၅၇ နှစ်အရွယ် ကျုံတုံးကျေးရွာက ဒေါ်သင်းသင်းအေး ဖြစ်နေကြောင်း စုံစမ်းသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ရုပ် အလောင်းကို အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေက တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ရဲကအမှုဖွင့် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးချက်တွေအရ ကျူးလွန်သူဟာ ဟင်္သာတမြို့နယ်၊ ကျုံတုံးကျေးရွာအုပ်စု၊ ကြီးချောင်းကျေးရွာနေ အွန်စော (ခ) ဖြိုးဝေအောင် ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးနိုင်ဖို့ ဆက်လက်ကြိုးပမ်းခဲ့ရာ မတ်လ ၂၈ ရက်က မအူပင်မြို့ ကားဝင်းထဲမှာ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူ အွန်စော (ခ) ဖြိုးဝေအောင်ဟာ ၂၀၂၂ ခုနှစ်က ထောင်ဒဏ် ၅ နှစ် ကျခဲ့ဖူးသူဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းက နိုင်ငံတော်ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သက်ဆိုင်ရာက စစ်ဆေးချက်တွေအရ ကျူးလွန်သူဟာ သေဆုံးသူ ဒေါ်သင်းသင်းအေးထံမှ ငွေချေးတာမရခဲ့လို့ လုယက် သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ဖို့အတွက် မီးရှို့ခဲ့တာလို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့ တရားခံ အွန်စော (ခ) ဖြိုးဝေအောင်ကို လုယက် လူသတ် မီးရှို့ အလောင်းဖျောက်မှုနဲ့ ဟင်္သာတမြို့ နယ်မြေခံရဲစခန်းက ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄/၂၁၁ နဲ့ အမှုဖွင့် စစ်ဆေးနေပြီး တရားစွဲနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
