၃၀. ၃. ၂၀၂၆
MT News Editorial
မြန်မာ့သမိုင်းတစ်လျှောက်တွင် တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရာ၌ ရှေ့တန်းက ရပ်တည်ခဲ့သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ခဲ့သည်။ ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ အဖွဲ့အစည်းတိုင်းတွင် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်းနှင့် ပိုမိုကောင်းမွန်သော လမ်းစဉ်သစ်များကို ရှာဖွေခြင်းမှာ မရှိမဖြစ်လိုအပ်သည့် ဖြစ်စဉ်တစ်ခုပင် ဖြစ်ရာ ယခု ၈၁ နှစ်မြောက် တပ်မတော်နေ့မှစ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချပြခဲ့ပြီး၊ ယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကပါ ထပ်လောင်း အတည်ပြုခဲ့သော “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဟူသော Ideology (မူဝါဒသဘောတရား) သည် တပ်မတော်၏ စစ်မှန်သော စေတနာနှင့် ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဓာတ်ကို ထင်ဟပ်နေသည်။
“ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဟူသော Ideology အပြောင်းအလဲသည် သမိုင်းဝင် သတ္တိပြည့်၀သော ဆုံးဖြတ်ချက်” (Historical Courageous Decision) တစ်ခုအဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှသည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအထိ ဆက်ခံမည်ဟုချပြလာခြင်းမှာ ခေါင်းဆောင်မှုအပြောင်းအလဲနှင့်အတူ မူဝါဒခိုင်မာမှု (Policy Continuity) ကို ဆက်လက် ခင်းကျင်းပြသခြင်းပင်ဖြစ်သည်။ ယင်းအပြင် ယခင်က ပြည်သူသိခဲ့သော “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” ဆိုသည့် အယူအဆမှ ပြည်သူလူထုကို အမိအဖအဖြစ် တပ်မတော်က အသိအမှတ်ပြုကာ ပြည်သူ့ရင်ခွင်သို့ အမှန်တကယ် ခိုဝင်လိုခြင်းဟုလည်း တလေးတမြတ် ကောက်ချက်ယူရမည်ဖြစ်သည်။ မိဘနှင့် သားသမီးကဲ့သို့ အပြန်အလှန် ယုံကြည်ကိုးစားမှုကို အခြေခံသည့် ဤအယူအဆသစ်သည် တပ်မတော်ကို ပိုမို၍ Professional ဆန်လာစေမည်ဖြစ်သလို၊ ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံမှုကို ရယူနိုင်မည့် သမိုင်းဝင်အခွင့်အလမ်းသစ်လည်း ဖြစ်လာမည်ဖြစ်သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ၏ တပ်မတော်သည်လည်း တစ်ချိန်က ပြင်းထန်သော အာဏာစိန်ခေါ်မှုများကြားမှ ပြည်သူ့ဆန္ဒကို ရှေ့တန်းတင်သည့် လမ်းစဉ်ကို ရဲဝံ့စွာ ရွေးချယ်ခဲ့သဖြင့် ယနေ့တွင် နိုင်ငံတကာက လေးစားရသော၊ ပြည်သူက အားကိုးရသော ကာကွယ်ရေးအင်အားစု ဖြစ်လာခဲ့သည်။ မြန်မာ့တပ်မတော်သည်လည်း ထိုကဲ့သို့ပင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်၏ မဏ္ဍိုင်ကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဤ Ideology အသစ်ကို အောက်ခြေတပ်သားအဆင့်အထိ စိမ့်ဝင်ပျံ့နှံ့အောင် ဆောင်ရွက်ရမည် ဖြစ်သည်။ တပ်မတော်သားတစ်ဦးချင်းစီ၏ ရင်ထဲ၌ “ပြည်သူသည် ငါတို့၏ မိဘဖြစ်သည်” ဟူသော အသိကိန်းအောင်းနေသရွေ့ ပြည်သူနှင့် တပ်မတော်အကြား မည်သည့်ရန်သူကမျှ သွေးခွဲ၍ ရနိုင်မည်မဟုတ်ပေ။
ထို့အပြင် နိုင်ငံတော်တည်ငြိမ်ရေးအတွက် စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဆွေးနွေးလိုသူများကို လက်ကမ်းကြိုဆိုရမည်ဖြစ်သလို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်နေသည့် အစွန်းရောက်အကြမ်းဖက်မှုများကိုမူ ပြတ်သားစွာ ဖယ်ရှား ရှင်းလင်းရမည်ဖြစ်သည်။ ဤသည်မှာ ကလဲ့စားချေလိုသော၊ ဂုဏ်သိက္ခာထိခိုက်မှုကို တုံ့ပြန်လိုသည့် ရန်ငြိုးကြောင့်မဟုတ်ဘဲ “မိဘဖြစ်သော ပြည်သူ” ကို အကြမ်းဖက်မှုဘေးမှ ကာကွယ်လိုသော စစ်မှန်သည့် စေတနာကြောင့် ရှင်းလင်းရခြင်းသာ ဖြစ်ရမည်ဖြစ်သည်။
ထို့အတူ ပြည်တွင်းငြိမ်းချမ်းရေးနှင့်တကွ အနာဂတ်တွင် ပေါ်ထွန်းလာမည့် “ဖက်ဒရယ်ဒီမိုကရေစီတပ်မတော်” ဟူသည်မှာ တပ်မတော်၏ ဦးဆောင်မှုအင်အားနှင့် ပြည်သူ၏ ယုံကြည်ကိုးစားမှု၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားယုံကြည်ပြီး မည်သည့်အချိန်အခါတွင်မျှ ခွဲမထွက်လိုသော တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ပေါင်းစပ်ထားသည့် “စုစည်းထားသော အမျိုးသားကာကွယ်ရေးအင်အားစု” (Integrated National Defense Force) ပင် ဖြစ်သည်။ ပြည်သူသာ အမိ၊ ပြည်သူသာအဖ Ideology အသစ် အောင်မြင်ရေးသည် တပ်မတော်အတွက်သာမက နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ကမ္ဘာ့အလယ်တွင် တင့်တယ်စေရန်အတွက် တစ်ခုတည်းသော သော့ချက်ပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသည့် Ideology အပြောင်းအလဲသည် ကမ္ဘာတည်သရွေ့ မြန်မာတည်ပြီး မြန်မာတည်သရွေ့ တပ်မတော် တည်ရှိရမည်ဆိုသည့် ဆောင်ပုဒ်ကို ကိုင်စွဲသော မြန်မာ့တပ်မတော်အတွက်လည်း အောင်မြင်မှု၏ သော့ချက်ပင်ဖြစ်သည်။ ဤအယူအဆ အမှန်တကယ် အောင်မြင်ရန်အတွက်မူ တပ်မတော်ဘက်က ပြုပြင်ပြောင်းလဲမှုကို သတ္တိရှိရှိ လုပ်ဆောင်ရန် လိုသကဲ့သို့ ပြည်သူလူထုဘက်ကလည်း တပ်မတော်၏ တည်ရှိမှုကို လေးစားလက်ခံသော အပြုသဘောဖြင့် စောင့်ကြည့်အားပေးရန် လိုအပ်သည်။ တပ်မတော်သည် အမိအဖဖြစ်သော ပြည်သူ့ရင်ခွင်သို့ အမှန်တကယ် ခိုဝင်ကာ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ခေတ်မီ စံပြုထိုက်သော Professional တပ်မတော်အဖြစ် ပြောင်းလဲနိုင်ပါက ကျွန်ုပ်တို့ မျှော်မှန်းသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်သည် မကြာမီအချိန်အတွင်း မလွဲမသွေ ရရှိလာမည်ဖြစ်ပါကြောင်းနှင့် “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသည့် Ideology အပြောင်းအလဲကို အောင်မြင်အောင် စနစ်တကျအကောင်အထည်ဖော်ဆောင်ပေးနိုင်ရန် မူဝါဒချမှတ် လုပ်ဆောင်သင့်ပါကြောင်း MT News က တိုက်တွန်းတင်ပြအပ်ပါသည်။
