

၃၀.၃.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က သူ့အနေနဲ့ အီရန်မှာ မြေပြင်စစ်ဆင်ရေးတစ်ခု စတင်ဖို့ စဉ်းစားနေတယ်လို့ ပြောကြားနေချိန်မှာပဲ မရိန်းတပ်ဖွဲ့ဝင်တွေနဲ့ လေထီးတပ်ဖွဲ့ဝင်တွေ အပါအဝင် အမေရိကန်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကလည်း အရှေ့အလယ်ပိုင်းဒေသကို ဦးတည် ချီတက်နေကြတယ်လို့ အစ္စရေး I24 သတင်းဌာနက ဒီကိစ္စနဲ့ ရင်းနှီးတဲ့ အရာရှိတွေရဲ့ ပြောကြားချက်တွေကို ကိုးကားရေးသားခဲ့တယ်လို့ အဇာဘိုင်ဂျန်နိုင်ငံရဲ့ AzerNEWS သတင်းစာက ဖော်ပြခဲ့ပါတယ်။
“ရွေးချယ်စရာအားလုံးက စားပွဲပေါ်မှာပါ။ အားလုံးက သမ္မတရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်” လို့အခြားအမေရိကန်သတင်းရင်းမြစ်တစ်ခုကလည်း AzerNEWS သတင်းစာကို ပြောကြားခဲ့ပြီး စစ်ရေးနဲ့ သံတမန်ရေးဆိုင်ရာ ဖြေရှင်းချက်နှစ်ခုလုံးကို စဉ်းစားနေတယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အချိန်ဇယား အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ဖြစ်နိုင်ခြေရှိတဲ့ မြေပြင်စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ တရားဝင်မဟုတ်တဲ့ သတင်းတွေ မကြာသေးမီက ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ်ဖ်က အမေရိကန်ဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုများအကြောင်း လူသိရှင်ကြားပြောဆိုနေတုံး တင်းမာမှုတွေ မြင့်တက်လာဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
NY Times သတင်းစာကလည်း မရိန်းတပ်သား ၂,၅၀၀ နဲ့ ရေတပ်သား ၂,၅၀၀ တို့ ထပ်မံရောက်ရှိလာလို့ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် ၅၀,၀၀၀ ကျော်ထိရှိလာပြီး ပုံမှန်ထက် ၁၀,၀၀၀ ခန့် ပိုများနေတယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်ပ်ဟာ အီရန်နဲ့ တစ်လကြာပြီဖြစ်တဲ့စစ်ပွဲကို နောက်တစ်ဆင့် တိုးဖို့ ဆုံးဖြတ်မလား ယူဆလာရပါတယ်။
အမှတ် ၃၁ အထူးစစ်ဆင်ရေးမရိန်းတပ်ဖွဲ့မှ မရိန်းတပ်ဖွဲ့ဝင်ကို မည်သည့်တာဝန်ပေးအပ်မည်ကို မသေချာသေးပေမယ့် သမ္မတထရမ့်ပ်ဟာ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်းတစ်ကျွန်း ဒါမှမဟုတ် အခြားကုန်းမြေအပိုင်းတစ်ခုကို သိမ်းပိုက်တာလို ပိုမိုကြီးမားတဲ့ တိုက်ခိုက်မှုတစ်ခုကို ကြိုးစားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားခဲ့ကြပါတယ်။
ကမ္ဘာ့ရေနံထွက်ရှိမှုရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကိုပို့ဆောင်နေတဲ့ သင်္ဘောတွေ ပုံမှန်ဖြတ်သန်းသွားလာလေ့ရှိတဲ့ ကျဉ်းမြောင်းတဲ့ ဟော်မုဇ်ရေလမ်းကြောင်းကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ သူတို့နိုင်ငံအပေါ်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်တပ်ဖွဲ့တွေက ပိတ်ထားခဲ့တာပါ။
ပုံမှန်အနေနဲ့တော့ဒေသအတွင်း ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ကူဝိတ်နိုင်ငံအပါအဝင် နိုင်ငံတွေရှိ အခြေစိုက်စခန်းတွေနဲ့ စစ်သင်္ဘောတွေမှာ အမေရိကန်တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့် ပြန့်ကျဲနေလေ့ရှိပါတယ်။ ဒါပေမယ့် ထရန့်ပ်က အီရန်စစ်ပွဲကို အရှိန်မြှင့်လာတာနဲ့အမျှ ထိုအရေအတွက်ဟာ အခုအခါ ၅၀,၀၀၀ ကျော်အထိ ရောက်ရှိလာတာလို့ အမေရိကန်စစ်ဖက်အရာရှိတစ်ဦးကလည်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် စစ်ရေးကျွမ်းကျင်သူတွေက တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော်မှာ အများစုဟာ ပင်လယ်ပြင်မှာ ရှိနေတာဖြစ်လို့ အဓိက မြေပြင်စစ်ဆင်ရေးမျိုးတွေဆောင်ရွက်ဖို့ရာ နည်းပါးတဲ့ အရေအတွက်ဖြစ်တယ် လို့ သတိပေးထားပါတယ်။
အီရန်နိုင်ငံက လူဦးရေ ၉၃ သန်းလောက် ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်အစားအားဖြင့် သုံးပုံတစ်ပုံနီးပါးရှိသလို ခက်ခဲရှုပ်ထွေးမှုများပြီး လက်နက်အင်အားရှိတဲ့ နိုင်ငံတစ်ခုကို သိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
Ref: Azernews
