သက်တံ့
၃၀. ၃. ၂၀၂၆
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်ဗိုလ်ချုပ် Alireza Tangsiri သေဆုံးသွားပြီဖြစ်ကြောင်း အီရန်အစိုးရက ဒီနေ့ အတည်ပြုလိုက်ပါတယ်။ ပါရှန်းပင်လယ်ကွေ့အတွင်း အီရန်ရဲ့ ရေကြောင်းအင်အား တည်ဆောက်မှုနဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဆိုင်ရာ စစ်ဆင်ရေးတွေမှာ Tangsiri ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူအဖြစ် လူသိများပါတယ်။
IRNA သတင်းဌာနက ဖော်ပြတဲ့ IRGC ရဲ့ ထုတ်ပြန်ချက်အရ Tangsiri ဟာ “ရရှိထားတဲ့ ဒဏ်ရာတွေ ပြင်းထန်တာကြောင့်” သေဆုံးခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က Tangsiri နဲ့ တခြား အဆင့်မြင့်အရာရှိတွေကို အစ္စရေးစစ်တပ်က “တိကျပြီး ပြင်းထန်တဲ့ စစ်ဆင်ရေး” တစ်ရပ်နဲ့ လုပ်ကြံသတ်ဖြတ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
Tangsiri ကို IRGC ရေတပ်ရဲ့ တပ်မှူးအဖြစ် သတ်မှတ်ထားပြီး ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းမှာ သူသေဆုံးခဲ့ကြောင်း The Times of Israel၊ Al Jazeera နဲ့ WION အပါအဝင် နိုင်ငံတကာသတင်းဌာန အတော်များများက ဖော်ပြခဲ့ကြပါတယ်။ သူဟာ ပါရှန်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားတို့မှာ အီရန်ရဲ့ ရေကြောင်းလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူပါ။
အီရန်မှာ IRGC ရေတပ်ဟာ ပုံမှန်အစိုးရရေတပ် (Artesh) နဲ့ သီးခြားစီ လုပ်ဆောင်တာဖြစ်ပြီး ပုံမှန်ရေတပ်ကိုတော့ ရေတပ်ဗိုလ်ချုပ်ကြီး Shahram Irani က ၂၀၂၁ ခုနှစ်၊ သြဂုတ်လကတည်းက ဦးစီးနေတာပါ။ IRGC ရေတပ်က ဟော်မုဇ်ရေလက်ကြားနဲ့ ပါရှန်းပင်လယ်ကွေ့အတွင်းက စစ်ဆင်ရေးတွေကို အဓိကတာဝန်ယူပြီး ပုံမှန်အစိုးရရေတပ်ကတော့ ဒေသတွင်း မဟုတ်တဲ့ တခြားပင်လယ်ပြင် တပ်ဖြန့်မှုတွေကို တာဝန်ယူပါတယ်။
ဒီဖြစ်ရပ် မတိုင်ခင်လေးမှာပဲ Shahram Irani ဟာ ရုရှား၊ ဆော်ဒီ အရာရှိတွေနဲ့ တွေ့ဆုံပြီး MILAN 2026 ရေတပ်စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့သလို သံတမန်ရေးအရ ရေကြောင်းဆက်ဆံရေးတွေကို လုပ်ဆောင်နေခဲ့တယ်လို့ The Caspian Post က ဖော်ပြထားပါတယ်။
Ref : MC
