




နေမိုး
၃၀. ၃. ၂၀၂၆
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် လွှဲပြောင်းပေးအပ်ခြင်းခံရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း သဝဏ်လွှာကို “ဝ” လက်နက်ကိုင် UWSA ဒီနေ့ ပေးပို့ခဲ့တယ်လို့ UWSA ထိန်းချုပ်မီဒီယာ Wa News Land က ဒီနေ့မှာ ဖော်ပြလာပါတယ်။
Wa News Land ဖော်ပြလာတဲ့ UWSA ရဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဟာ တရုတ်စာနဲ့ ရေးသားထားတာဖြစ်ပြီး ဒီသဝဏ်လွှာမှာ “ယနေ့တွင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များ၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရာထူးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ရာထူးမှ အနားယူတော့မည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အရေးကြီးသောတာဝန်များကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာတာဝန်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လေးနက်စွာ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီကော်မတီ၏ ဗဟိုကော်မတီ၊ “ဝ” ပြည်နယ် ပြည်သူ့အစိုးရ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ “ဝ” ပြည်နယ် ပြည်သူတစ်ရပ်လုံးမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား နွေးထွေးပြီး စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုစကားပြောကြားအပ်ပါသည်”လို့ ရေးသား ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ဦးဆောင်မှုအောက်မှာ “အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေဟာ ၎င်းတို့ရဲ့ ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းကာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အမျိုးသားလုံခြုံရေးကာကွယ်ရေး စည်းမျဉ်းကို အဆက်မပြတ် အားကောင်းစေကာ နိုင်ငံ၏ ရေရှည်တည်ငြိမ်မှု၊ ကြွယ်ဝချမ်းသာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်သွားမည်ကို ယုံကြည်ကြောင်း” ဖော်ပြထားပါတယ်။
အထက်ပါ အချက်တွေအပြင် “ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပါစေ၊ တာဝန်များတွင် အောင်မြင်ပါစေ၊ ဆက်လက်၍ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” လို့ ထုတ်ပြန်ချက် နောက်ဆုံးမှာ ဖော်ပြထားပါတယ်။
လက်ရှိမြန်မာ့တပ်မတော်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးထံ ဒီနေ့မနက်ပိုင်းမှာ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနဲ့အတူ တာဝန်လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
Ref & Photo: Wa News Land
