၃၀.၃.၂၀၂၆
Written by Linn Eain
မီးရထားစီးနင်း၍ ခရီးသွားသူများပြားလာသောကြောင့် နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်နှင့် ပြည်ရထားလမ်းပိုင်းရှိ လူစီးအမြန်ရထားများ တိုးချဲ့ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရထားတွဲဆိုင်းများတိုးချဲ့ ပြေးဆွဲပေးခြင်း၊ လက်ရှိပြေးဆွဲနေသော ရထားတွဲဆိုင်းများတွင် ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများကို မတ်လ ၂၆ ရက်ကစတင်၍ ဆောင်ရွက်ပေးခဲ့ပြီး ရထားစီးနင်း၍ ခရီးသွားသူ များပြားလျက်ရှိကြောင်း သိရသည်။



ထို့ပြင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများ၊ နေပြည်တော်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၂၇)အဆန်၊ အမှတ်(၂၈)အစုန် လူစီးအမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများသည် လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်ပြီး စျေးတက်မည်မဟုတ်ကြောင်းနှင့် nline Railways Ticketing and payment System(ORTP) ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများဖြစ်သည့် အမှတ် (၃၁) အဆန်၊ အမှတ် (၃၂)အစုန်၊ အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် ရထားများအား ပြေးဆွဲပေးလျက်ရှိရာမှ ခရီးသည်များ စီးနင်းမှုများပြားလာသည့်အတွက် အမှတ်(၃၃)အဆန်၊ အမှတ်(၃၄)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအား ထပ်မံတိုးချဲ့ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အမှတ်(၁၁) အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများ၌ ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် အထက်တန်း(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေးခဲ့ပြီး ယခင်ရပ်တန့်ဘူတာ (၁၆)ဘူတာရှိရာမှ ဒိုက်ဦး၊ ရေနီ၊ ညောင်ရမ်း၊ မြစ်သား (၄)ဘူတာတို့တွင် ထပ်မံရပ်တန့်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ရထားစီးနင်းမှုများပြားလာသည့်အတွက် အမှတ်(၈၁) အဆန်၊ အမှတ်(၈၂)အစုန်လေအိတ်လူစီးအမြန်ရထား၌ ရိုးရိုးတန်း(၁)တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေးခဲ့ကြောင်း၊ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၇၁)အဆန်၊ အမှတ်(၇၂)အစုန် လူစီးအမြန်ရထားသည် ခရီးသည်စီးနင်းမှုများပြားခြင်း၊ ကြည့်မြင်တိုင်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၆၃)အဆန်နှင့် အမှတ်(၆၄)အစုန် လူစီးစာပို့ရထားတွင် ရိုးရိုးတန်း(၂)တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။



လက်ပံတန်း-သာရဝေါ ရထားလမ်းပိုင်းတွင်လည်း အမှတ်(၁၉၅)အဆန်၊ အမှတ်(၁၉၆)အစုန် လော်ကယ်ရထားကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ပြေးဆွဲပေးလျက်ရှိရာမှ ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် မတ်လ ၂၈ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ခရီးသွားပြည်သူများ ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆက်လက် ကြိုးပမ်းဆောင်ရွက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယခုအခါ စက်သုံးဆီစျေးနှုန်းအခြေအနေနှင့် မော်တော်ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ပမာဏဖြင့်သာ ရောင်းချပေးလျက်ရှိရာ အဝေးပြေးခရီးသည်တင်ယာဉ်များမှာလည်း စက်သုံးဆီစျေးနှုန်းအခြေအနေအလိုက် လက်မှတ်ခများကို ယခင်သတ်မှတ်စျေးနှုန်းများထက် မြှင့်တင့်ရောင်းချလာရခြင်းရှိသဖြင့် ခရီးသွားပြည်သူများအနေဖြင့် စျေးနှုန်းမြင့်တက်ခြင်းမရှိသေးသည့် ရထားခရီးစဉ်များကို ပိုမိုရွေးချယ် စီးနင်းလာကြကြောင်း သိရသည်။



