နေမိုး
၃၀. ၃. ၂၀၂၆
ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့က နမ့်တစ်ထောင်မှာ အကျဥ်းသားခေါင်းဆောင်ကိုသတ်ပြီး ထောင်ဖောက်ပြေးတဲ့ ၈ ဦးထဲက ၄ ဦးကို “ဝ” လက်နက်ကိုင် UWSA က လူမြင်ကွင်းမှာ သေဒဏ်ချလိုက်တယ်လို့ UWSA ထိန်းချုပ် Wa News Land က ဖော်ပြပါတယ်။
ထောင်ဖောက်ပြေးလို့ သေဒဏ်စီရင်မှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး “ဝ”တရားစီရင်ရေးဌာန (WSP) က “၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၆:၃၀ နာရီခန့်တွင် ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ရှိ အကျဥ်းသား ထိန်းသိမ်းရေးစင်တာတွင် စနစ်တကျ ရည်ရွည်ချက်ရှိရှိစီစဥ်ထားတဲ့ ထောင်ဖောက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ခေါင်းဆောင် Guomen Suowu က ၎င်းရဲ့ပြစ်ဒဏ်ကို ဆက်လက်ကျခံလိုခြင်းမရှိသောကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်တွင် ထွက်ပြေးရန် စီစဉ်ခဲ့သည်။ ၎င်းတို့သည် ရဲအရာရှိ၏ လည်ပင်းကို ရိုက်နှက်ခဲ့ပြီး နေရာတွင်ပင် မေ့မြောသွားပြီးနောက် ချည်နှောင်ကာ ပါးစပ်ပိတ်ကာ လမ်းဘေးတွင် စွန့်ပစ်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် အကျဉ်းသားခေါင်းဆောင်အား ဓားဖြင့်ရက်စက်စွာတိုက်ခိုက်ခဲ့ပြီး ၎င်း၏ဦးခေါင်း၊ ကျောနှင့် အခြားအရေးကြီးသောနေရာများကို ခုတ်ထစ်ခဲ့သည်။ ကယ်တင်ရန်ကြိုးစားခဲ့သော်လည်း သေဆုံးခဲ့ရသည်။ ထို့နောက်ကားနဲ့ သေနတ်ခိုးယူခဲ့ကာ ကားကို မြစ်တစ်ဖက်ကို မောင်းနှင်ပြီး ထွက်ပြေးခဲ့ကြပါတယ်။ ထွက်ပြေးလွတ်မြောက်နေစဉ်အတွင်း ရာဇဝတ်သားတွေဟာ မြစ်ရေကူးခဲ့ကြပြီး သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ ကြိုးစားရင်း သေနတ်ကို မြစ်အလယ်မှာ ပစ်ချခဲ့ကြပါတယ်။ ဒီအမှုဟာ စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။ ရာဇဝတ်သားတွေဟာ သူတို့ရဲ့ပြစ်ဒဏ်တွေကို ကျခံနေစဉ်မှာ နောင်တရမှု မပြသခဲ့ကြဘဲ၊ ဥပဒေစိုးမိုးရေးကို အကြမ်းဖက် ဆန့်ကျင်ခဲ့ကြသလို၊ ရဲအရာရှိတွေကို ဒဏ်ရာရစေခဲ့ပြီး၊ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေခဲ့ပြီး၊ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ပြင်းထန်စွာ စိန်ခေါ်ခဲ့ကြပါတယ်။ “ဝ”ပြည်နယ် တရားစီရင်ရေးကော်မတီဟာ ဥပဒေအရ ပြင်းထန်စွာ အပြစ်ပေးခဲ့ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
ကျူးလွန်သူ ထောင်သား ၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဇန်နဝါရီ ၅ ရက်နေ့က ထုတ်ပြန်လာအပြီး မတ်လ ၂၉ ရက်မှာတော့ လူရှေ့မှာ သေဒဏ်ပေးမှုအခမ်းအနားကို ပန်ဆန်း (ပန်ခမ်း)မှာ ကျင်းပခဲ့ပြီး ကျူးလွန်သူ ၈ ဦးထဲက ၄ ဦးကို သေဒဏ်၊ ၂ ဦးကို ထောင်တစ်သက်တစ်ကျွန်း၊ ၁ ဦးကို ထောင်ဒဏ် ၁၅ နှစ်နဲ့ ကျန်တစ်ဦးကို ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဝ”လက်နက်ကိုင် UWSA နဲ့ ကိုးကန့်တရုတ်လက်နက်ကိုင် MNDAA ဟာ ဖမ်းဆီးရမိသူများစွာကို လူမြင်ကွင်းမှာ သေဒဏ်ပေးမှု မကြာခဏပြုလုပ်နေသလို ပြီးခဲ့တဲ့ နှစ်နစ်အတွင်းမှာ ဒီလက်နက်ကိုင်နှစ်ဖွဲ့ဟာ လူ ၃၀ ထက်မနည်းကို သေဒဏ်ပေးခဲ့ပေမဲ့ ဒီလိုသေဒဏ်ပေးမှုကို လူ့အခွင့်အရေးသမားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုထောက်ခံတယ်ဆိုတဲ့ မီဒီယာတွေက ဝေဖန်ရဲမှုမရှိတာ တွေ့ရပါတယ်။
Ref & Photo – WSTV, Wa News Land






