၃၀.၃.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီနိုင်ငံတို့မှ ခေါင်းဆောင်တွေဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေကို ပါကစ္စတန်နိုင်ငံ၊ အစ္စလမ္မာဘတ်မြို့မှာ မတ်လ ၂၉ ရက်က ကျင်းပခဲ့ပြီး အရှေ့ အလယ်ပိုင်းဒေသ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ နည်းလမ်းရှာဖွေခဲ့ကြတယ်လို့ PTI သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါနဲ့အတူ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အဗ္ဗဒယ်လာတီ၊ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်နဲ့ ဆော်ဒီ အာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင်ဖာဟန် အယ်လ်ဆော့ဒ်တို့ ပါဝင်ခဲ့ကြပါတယ်။
တိုင်ပင်ဆွေးနွေးမှုတွေအပြီးမှာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါက အစ္စလာမာဘတ်မှာ အမေရိကန်-အီရန် ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အလားအလာတွေကို ဆွေးနွေးပွဲတက်ရောက်တဲ့ ဂုဏ်သရေရှိ နိုင်ငံတကာခေါင်းဆောင်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
လာရောက်လည်ပတ်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ပါကစ္စတန်ရဲ့ ဆောင်ရွက်မှုအပေါ် အပြည့်အဝ ထောက်ခံတယ်လို ဖော်ပြခဲ့ကြဆိုတာ အီရှက်ဒါက ပြောကြားခဲ့ပါတယ်။ သူက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အခြေအနေကို ထိန်းချုပ်ဖို့နဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာရဲ့ အန္တရာယ်တွေကို လျှော့ချဖို့ စည်းလုံးညီညွတ်မှုကို ပြန်လည်အတည်ပြုခဲ့ကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့ အဆိုပြုချက်တွေကိုလည်း အာရုံစိုက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်မှာ တိုက်ခိုက်မှုတွေ စတင်ချိန်မှစလို့ အီရန်ကလည်း အပြည်ပြည်ဆိုင်ရာ အဓိက သင်္ဘောလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ဝင်ရောက်ခွင့်ကို ထိထိရောက်ရောက် ပိတ်ဆို့ထားပါတယ်။
ဆွေးနွေးပွဲအပြီးမှာ ပါကစ္စတန်က ရေရှည်တည်တံ့သော ပြေလည်မှုရရှိဖို့ အမေရိကန်နဲ့ အီရန်အကြား အဓိပ္ပာယ်ရှိတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကို လာမည့်ရက်တွေအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ်ဆိုရင် ဂုဏ်ယူရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ပါကစ္စတန်မှာ ဆွေးနွေးပွဲတွေ ဖြစ်နိုင်ခြေကို မပြောခဲ့ပေမယ့် အမေရိကန်အစိုးရဟာ အီရန်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး ထိုညှိနှိုင်းဆွေးနွေးပွဲမှာ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေပါတယ်လို့ မတ်လ ၃၀ ရက်ညက ပြောကြားခဲ့ပါတယ်။
ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါကလည်း အရှေ့အလယ်ပိုင်းအကျပ်အတည်း ဆွေးနွေးဖို့ အစ္စလမ္မာဘတ်မြို့ကို ရောက်ရှိနေကြတဲ့ ပြည်ပနိုင်ငံခြားရေးဝန်ကြီးတွေကို နိုင်ငံခြားရေးဝန်ကြီးရုံးမှာ နှုတ်ဆက်နေတုန်း အမှတ်မထင် ခလုတ်တိုက် လဲကျခဲ့တာမှာ အဲဒီဗီဒီယိုက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ရပါသေးတယ်။
Ref- Hindustan Times
