၃၀.၃.၂၀၂၆
Written By Thandar
ပရိသတ်စိတ်ဝင်စားမယ့် ရန်ငြိုးရန်စတွေနဲ့ အစပျိုးခဲ့တဲ့ Fantasy Thriller ဇာတ်လမ်းပုံစံ “အခြားတစ်ဘက်” ဇာတ်လမ်းတွဲကြီးမှာ မကောင်းဆိုးဝါးတွေကို စာတမ်းပြုစုသူ ယွန်းစံကာရိုက်တာနဲ့ပါဝင်ထားတယ်လို့ သရုပ်ဆောင် ဟေလရီစိုးက ပြောပါတယ်။
“အခြားတစ်ဘက်”ဇာတ်လမ်းတွဲကို ယနေ့ မတ်လ ၃၀ ရက်မှာ စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ Hey Play Application Hey Play YouTube Channel တို့မှာ ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
“ညီမကတော့ ဒီဇာတ်လမ်းတွဲမှာ မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းတွေပြုစုသူ ယွန်းစံ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ကိုယ်ကစာတမ်းပြုစုရုံတင်မဟုတ်ဘဲနဲ့ ကုသနည်းတွေရှာချင်တဲ့ ကောင်မလေးတစ်ယောက်ပေါ့နော်။ ဒီကားက ညီမအတွက် ပထမဆုံး Series လေးပါ။ ဒီကားကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်လောက်က ရိုက်ကူးခဲ့တာပါ။ ဇာတ်လမ်း ဇာတ်အိမ်က စိတ်လှုပ်ရှားစရာကောင်းတဲ့ ရန်ငြိုးရန်စတွေပါတဲ့ Fantasy Thriller ဇာတ်လမ်းပုံစံမျိုးပါ။ ပရိသတ်တွေ အားပေးကြည့်ရှုဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဟေလရီစိုးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ယမင်းဖြိုးဝေ၊ ပိုင်စိုးသူမောင်၊ ဒါရိုက်တာ ထွဋ်တင့်ထွန်းက သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲထိုက်၊ သိန်းလင်းစိုး၊ ကျော်ထက်၊ နေရှိုင်း၊ ဆုထက်၊ Hillary Soe၊ ဘုန်းလျှံ၊ ဦးနိုင်ဝင်းစတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“ကျွန်တော့်က အခြားတစ်ဘက်မှာ နေထွဋ်ခေါင်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ဒီကားက လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က အမုန်း၊ အငြိုး ရန်ငြိုးရန်စတွေနဲ့ အစပျိုးလာခဲ့တဲ့ပုံစံပါ။ ဒီကားမှာ မထင်မှတ်ထားတဲ့ ဝိဉာဉ်တွေပူးကပ်ထားတဲ့ ဇာတ်ပုံစံမျိုးဇာတ်ပါ။ မကျေနပ်ချက်တွေကို လက်စားချေတဲ့ဇာတ်တွေလည်း ပါပါတယ်။ ပရိသတ်အကြိုက်တွေ့စေမယ်လို့လည်း မျှော်လင့်ပါတယ်”လို့ သရုပ်ဆောင် သိန်းလင်းစိုးက ပြောပါတယ်။
#TheinLinSoe #AungYeHtike #HillarySoe #SuHtet #အောင်ရဲထိုက် #သိန်းလင်းစို #ဆုထက် #ဟေလာရီစိုး #TheOtherSide #အခြားတစ်ဘက် #HEYPlayApplication #HEYPlayYouTubeChannel #HEYPlay









