၃၀. ၃. ၂၀၂၆
Written by Nyein Kyaw
အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ကရင်ပြည်နယ်လွှတ်တော် PR မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်လွှတ်တော် PR မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်း အဆိုပြုလိုက်ကြောင်း သိရသည်။
အဆိုပြု တင်သွင်းခံရသည့် ဒုတိယသမ္မတလောင်းအမည်စာရင်းများကို အက္ခရာစဉ်အလိုက် ကြေညာခဲ့ရာ ဒေါ်နန်းနီနီအေး (ကရင်ပြည်နယ်လွှတ်တော်၊ အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ် (၂) )နှင့် ဒေါက်တာ မနမ်တူးဂျာ (ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်၊ အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် အမှတ် (၂) )တို့ဖြစ်သည်။


အမျိုးသားလွှတ်တော်မှ ဒုတိယသမ္မတလောင်းများ တင်သွင်းရာတွင် ဒေါ်နန်းနီနီအေးအား ပဲခူတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးလှသိန်းက အဆိုပါတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ် (၁) ဦးသျှားရယ်က ထောက်ခံခဲ့သည်။
ဆက်လက်ပြီး ဒေါက်တာမနမ်တူးဂျာအား တနင်္သာရီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁)မှ ဦသန်းအေး(ခ) ဦးတင်ဦးက အဆိုတင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁)မှ ဦးစောသွင်နှင့် မွန်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ်မှ မဲဆန္ဒနယ်အမှတ် (၁)မှ ဦးရဲထွဋ်အောင်တို့က အဆိုပြုထောက်ခံခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတ အမည်စာရင်း တင်သွင်းပြီး တင်သွင်းခြင်းခံရသူများကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃ ပါ အရည်အချင်းများနှင့် ပြည့်စုံမှုရှိ/မရှိ စိစစ်နိုင်ရန် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၀ အရ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး နည်းဥပဒေ ၃၁ အရ စိစစ်မည်ဖြစ်သည်။

