
၃၀.၃.၂၀၂၆
Written by Linn Eain
မန္တလေးမြို့ ကျုံးပတ်လည်တွင် ကျင်းပမည့် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်တွင် မဏ္ဍပ်အကြီး ၁၇ ခု၊ မဏ္ဍပ်အသေး ၂၈ ခု စုစုပေါင်း ၄၅ ခု ထည့်သွင်းတည်ဆောက်ကာ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့ ၇၃ လမ်းတွင် ပြုလုပ်မည့် မင်္ဂလာမန္တလေးလမ်းလျှောက်သင်္ကြန်တွင်လည်း သနပ်ခါးမဏ္ဍပ်များ၊ ပန်းမဏ္ဍပ်များတို့ဖြင့် နေရာအလိုက် စည်ကားစွာကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရာတွင် ကျုံးအရှေ့ဘက်အခြမ်းဖြစ်သည့် (၆၆)လမ်းတွင် မဏ္ဍပ်ကြီး ငါးခု၊ အသေး လေးခု၊ အဓိကကျသည့် ကျုံးတောင်ဘက်အခြမ်း ဖြစ်သည့် (၂၆)လမ်းတွင် ဗဟိုမဏ္ဍပ်ကြီးအပါအဝင် မဏ္ဍပ်အကြီး ခြောက်ခု၊ မဏ္ဍပ်အသေး ၁၃ ခု၊ ကျုံးအနောက်ဘက်အခြမ်းတွင် ဈေးချိုသူမဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီး သုံးခု၊ မဏ္ဍပ်အသေး ခုနစ်ခု၊ ကျုံးအနောက်ဘက်အခြမ်းတွင် မဏ္ဍပ်အကြီး သုံးခု၊ မဏ္ဍပ်အသေး လေးခုတို့ဖြင့် ကျုံးပတ်လည်တွင် မဏ္ဍပ်အကြီး ၁၇ ခု ၊မဏ္ဍပ်အသေး ၂၈ ခု စုစုပေါင်း ၄၅ ခု ထည့်သွင်း တည်ဆောက်သွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖြေကြားထားသည်။
မန္တလေးသင်္ကြန်တွင် ပြည်သူများ ရေလုံလောက်စွာ ပက်ဖျန်းကစားနိုင်မည့်အပြင် စွမ်းအင်ချွေတာနိုင်မည့် အစီအစဉ်တစ်ရပ်အဖြစ် ဆိုလာစနစ်ဖြင့် မော်တာများမောင်းနှင်၍ ရေတင်သည့်စနစ် ကျင့်သုံးသွားမည်ဖြစ်ပြီး ကျုံးပတ်လည်တစ်လျှောက်တွင် မည်သည့်မော်တော်ယာဉ်မျှ ဝင်ရောက်နိုင်မည်မဟုတ်ဘဲ လမ်းလျှောက် သင်္ကြန်အနေဖြင့်သာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို အကြိုနေ့ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသူ အင်အား ၅၀၀၊ လှပျိုဖြူ အင်အား ၄၀၀ စုစုပေါင်း အင်အား ၉၀၀ ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထူးခြားသည့် အစီအစဉ်အနေဖြင့်လည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုသည့် တိုင်းရင်းသား ရှစ်မျိုး၏ မဏ္ဍပ်ကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာအကအလှများ၊ တိုင်းရင်းသားရိုးရာအစားအစာ စတုဒိသာကျွေးမွေးသည့် အစီအစဉ်များလည် ဆောင်ရွက်ထားကြောင်း သိရသည်။
