





သက်တံ့
၂၉. ၃. ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အနီးတွင် ရပ်ထားသော ၁၂ ဘီးကားကို အငှားယာဥ်တစ်စီးက နောက်မှ အရှိန်ဖြင့်ဝင်တိုက်သဖြင့် ယာဥ်ပေါ်ပါသူ သုံးဦးစလုံး ပွဲချင်းပြီးသေဆုံးသွားမှု ယခုညပိုင်းက ဖြစ်ပွားခဲ့သည်ဟု ကနဦးသိရသည်။
ဖြစ်စဥ်မှာ ယနေ မတ် ၂၉ ရက် ည ၇ နာရီခွဲခန့်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမောင်းနှင်ကာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ လိုက်ပါလာသည့် Toyota Fielder အနက်ရောင်အငှားယာဥ်က ရပ်ထားသော ၁၂ ဘီးကားကို အရှိန်ဖြင့်ဝင်တိုက်ရာမှ တိုက်သည့်အရှိန် ပြင်းထန်သဖြင့် အငှားယာဥ်တစ်စီးလုံး ပျက်စီးသွားသည့်အပြင် ယာဥ်ပေါ်ပါသုံးဦးစလုံးမှာ အခင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ကူညီကယ်ဆယ်ရာတွင် ပါဝင်သူတို့ထံမှ သိရသည်။
အဆိုပါဖြစ်စဥ်အား အနာဂတ်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ညောင်ခါးရှည်လူမှုကူညီရေးအသင်း တို့မှ ပါဝင်ကူညီခဲ့ပြီး ရုပ်အလောင်းများအား ညောင်ခါးရှည်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု အနာဂတ်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
ပုံစာ။ ယာဥ်တိုက်မှုဖြစ်စဥ်မြင်ကွင်းနှင့် သေဆုံးသူများပုံရိပ် (Photo – Aung Myint Oo)
