◾️ အနာဂတ်ကာလတွင် ပြင်းအားအဆင့် ၈ အထိခံနိုင်အောင် ဆောက်လုပ်ရန်နှင့် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်သည့်မြို့များ ဖော်ဆောင်ပေးနိုင်ရေး မူဝါဒများ ချမှတ် ဆောင်ရွက်ပေးလျက်ရှိ
◾️ နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍတွင် ပါဝင်သောပုဂ္ဂိုလ်များအားလုံး နိုင်ငံသူနိုင်ငံသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးကြရန် မှာကြား



၂၈. ၃. ၂၀၂၆
Written by Nyein Kyaw
မန္တလေးငလျင်ဘေးကြောင့် လူသေဆုံးမှုအများစုသည် အင်ဂျင်နီယာပိုင်းနှင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ပြိုကျပျက်စီးမှုကြောင့်ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ယနေ့ ကျင်းပသည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှု(၁)နှစ်ပြည့်အခမ်းအနားတွင် ပြောကြားသည်။
ငလျင်ဘေးကြောင့် လူသေဆုံးမှုအများစုအနေဖြင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ပြိုကျပျက်စီးမှုကြောင့်ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် နောင်အနာဂတ်ကာလ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပြင်းအားအဆင့် ၈ အထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ ဆောက်လုပ်သွားရန်၊ မူလထက် ပိုမိုကောင်းမွန်သည့် အဆောက်အအုံများ၊ လမ်းတံတားများဖြစ်စေရေး၊ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင်ပေးနိုင်ရေး မူဝါဒများချမှတ် ဆောင်ရွက်ပေးလျက်ရှိပြီး အလေးနက်ထားလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အလားတူ အနာဂတ်တွင် ဘေးအန္တရာယ်မှ လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဖန်တီးတည်ဆောက်မည်ဆိုပါကသဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် သင်ခန်းစာယူပြီး နောင်တွင် အဆောက်အအုံများ၊ လမ်းတံတားများတည်ဆောက်ရာ၌ Building Codes အပါအဝင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင် ဆောင်ရွက်သွားကြရေးသည် အဓိကကျကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယင်းကြောင့် နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍတွင် ဦးထမ်းပဲ့ထမ်းပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာဌာနများ ပုဂ္ဂလိကကဏ္ဍမှ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ Developer များ၊ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချသူများ အပါအဝင် သက်ဆိုင်သူအားလုံးအနေဖြင့် အနာဂတ်ကာလများတွင် မိမိတို့နိုင်ငံသူနိုင်ငံသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံသည့် အခြေခံအဆောက်အအုံများ ဖန်တီးဆောက်လုပ်ပေးကြရန် ထပ်မံတိုက်တွန်း မှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် အနာဂတ်တွင် သဘာဝဘေးဒဏ်အပါအဝင် နိုင်ငံ့အတွက် ကျရောက်လာမည့် အန္တရာယ်ရန်စွယ် အခက်အခဲမှန်သမျှကို စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းရင်ဆိုင်ပြီး ကြံ့ကြံ့ခံနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါဟု ယာယီသမ္မတက တိုက်တွန်းပြောကြားသည်။
