◾️တိုင်ကြားမှုများအပေါ် ထိရောက်စွာအရေးယူနေပြီး အမြန်လမ်းဟောင်းပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင် လိုင်စင် ယာယီပိတ်သိမ်းထားရှိကာ တာဝန်ရှိသူများကိုပါ အရေးယူနိုင်ရေး ဆောင်ရွက်နေ
◾️Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချခဲ့သည့် အရောင်းဆိုင် ၃၀ ခန့်ကို နောက်ဆုံးအကြိမ် သတိပေးထားရှိပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူသွားမည်

၂၈. ၃. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီရှိလျက် ရောင်းမပေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သတ်မှတ်ပမာဏအတိုင်း ရောင်းချမပေးခြင်း၊ ပုံး/ပေပါများဖြင့် တရားမဝင်ထုတ်ယူ ရောင်းချနေခြင်းများအား Call Center ဖုန်းများသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး သက်သေအထောက်အထား စာရွက်စာတမ်း၊ ဗီဒီယိုဖိုင်များကိုလည်း Viber ဖုန်းနံပါတ်သို့ ပေးပို့နိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့တွင် အသိပေးကြေညာထားသည်။
ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် မတ်လ ၂၇ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိပြီး ကျန်မြို့များတွင်လည်း ယခုစနစ်ကို ဆက်လက်အကောင် အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးအတွက် Call Center ကို ဖွင့်လှစ်ထားရှိပြီး နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သတင်းထုတ် ပြန်ချက်များအပေါ် သိရှိမေးမြန်းလိုသည်များရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းအမှတ်၊ ၀၉- ၄၄၀၄၃၃၃၂၄ နှင့် ၀၉-၈၉၉၁၂၉၂၉၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။
အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်း ရောင်းချမပေးခြင်း၊ စက်သုံးဆီရှိလျက်နှင့် ရောင်းချမပေးခြင်း၊ Bar Code/ QR Code များ Scan မဖတ်ဘဲရောင်းချနေခြင်း၊ ပုံး၊ ပေပါများဖြင့် တရားမဝင်ထုတ်ယူ ရောင်းချနေခြင်းများတွေ့ရှိရပါက အထက်ဖော်ပြပါ Call Center ဖုန်းများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလိုသည့် သတင်းအချက်အလက်နှင့် အထောက်အထား စာရွက်စာတမ်းများ၊ Video file များကိုလည်း Viber ဖုန်းအမှတ်၊ ၀၉-၄၀၁၇၄၈၅၉၈ သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
အချက်အလက်ပြည့်စုံစွာ တိုင်ကြားလာမှုများအပေါ်တွင် ထိရောက်စွာအရေးယူ ဆောင်ရွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပုလိပ်ကျေးရွာ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း) ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၀၅၁၂)အား စီမံခန့်ခွဲရေး နည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းထားရှိပြီး အဆိုပါအရောင်းဆိုင်နှင့် သက်ဆိုင်သည့် တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စွမ်းအင်ဝန်ကြီးဌာန Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုအရ စက်သုံးဆီရောင်းချသည့် မော်တော်ယာဉ်စီးရေအားလုံးကို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည့် အရောင်းဆိုင် ၃၀ ခန့်ကို နောက်ဆုံးအကြိမ် သတိပေးထားရှိပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
