နေမိုး
၂၈. ၃. ၂၀၂၆
လက်နက်မဲ့အုပ်ချုပ်ရေးမှူးတစ်ဦးကို ပဲခူး PDF ခြောက်ဦးက နေအိမ်အထိ လာရောက်သတ်ဖြတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားမှု ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ညောင်ဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်မင်း(၅၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ပဲခူး PDF ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို KNU နှင့် PDF များက သတ်ဖြတ်မှုများပြားသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိမှု မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
