

၂၈.၃.၂၀၂၆.
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံရှိ အမေရိကန်ရဲ့ Prince Sultan လေတပ် အခြေစိုက်စခန်းတစ်ခုကို အီရန်က မတ်လ ၂၇ ရက်မှာ မောင်းသူမဲ့လေယာဉ်ဒရုန်းတွေနဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး အမေရိကန်စစ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာဒဏ်ရာ ပြင်းထန်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အီရန်က ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေး ပူးတွဲစစ်ဆင်ရေးမှာ အီရန်နိုင်ငံအပေါ် အမေရိကန်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် ပစ်လွှတ်ရာနေရာအဖြစ် ဆောင်ရွက်တယ်လို့ စွပ်စွဲခဲ့တဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပေါ် လက်စားချေတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေခဲ့တာပါ။
ဆော်ဒီအာရေဗျရှိ Prince Sultan လေတပ်စခန်းကို တိုက်ခိုက်မှုမှာ အနည်းဆုံး ဒုံးကျည်တစ်စင်းနဲ့ ဒရုန်းအများအပြား ပါဝင်တယ်လို့သိရပြီး စစ်သားတွေက အခြေစိုက်စခန်းရှိ အဆောက်အအုံတစ်ခု အတွင်းရှိနေစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။
လေကြောင်းလောင်စာဖြည့် KC-135 လေယာဉ်တွေလည်း တိုက်ခိုက်မှုမှာ ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဗဟိုစစ်တိုင်းဌာနချုပ်တို့က တိုက်ခိုက်မှုအပေါ် မှတ်ချက်ပေးဖို့ AFP ရဲ့ တောင်းဆိုချက်တွေကို ချက်ချင်းတုံ့ပြန်မှု မပြုခဲ့ပါဘူး။ အီရန်နဲ့ စစ်ပွဲစဖြစ်လို့ တစ်လခန့် ကြာချိန်မှာ အမေရိကန်စစ်မှုထမ်း ၁၃ ဦး သေဆုံးခဲ့ပြီး ပင်လယ်ကွေ့ဒေသမှာ ခုနစ်ဦးနဲ့ အီရတ်မှာ ခြောက်ဦး ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ ၃၀၀ ကျော် ရှိခဲ့ပါတယ်။
အမေရိကန်ရေတပ် ဗိုလ်ကြီး တင်မ် ဟော့ကင်းစ် ကတော့ ဒဏ်ရာရ စစ်သည်တွေအနက်အများစုက အသေးအဖွဲဒဏ်ရာတွေသာဖြစ်ပြီး တပ်ဖွဲ့ဝင်အများစုမှာ ပြန်လည်တာဝန်ထမ်းဆောင်နေကြပြီလို့ ပြောခဲ့ပါတယ်။
Ref : Times Of Israel
