သက်တံ့
၂၈. ၃. ၂၀၂၆
အိန္ဒိယ-မြန်မာနယ်စပ်က အိန္ဒိယသူပုန်တွေနဲ့ ဆက်နွှယ်နေတဲ့ မြန်မာနိုင်ငံက ရခိုင် AA၊ ကချင် KIA နဲ့ ချင်းလက်နက်ကိုင်တွေကို စစ်သင်တန်းပေးခဲ့တယ်လို့ ဝန်ခံထားတဲ့ အမေရိကန်နဲ့ ယူကရိန်းနိုင်ငံသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ၁၀ ရက်ကြာ ထပ်မံ ထိန်းသိမ်းစစ်ဆေးခွင့် ရရှိသွားတယ်လို့ သိရပါတယ်။
မတ်လ ၁၃ ရက်နေ့က စတင်ဖမ်းမိခဲ့ပြီး နှစ်ပတ်ကြာစစ်ဆေးခွင့်ရရှိထားတဲ့ တရားခံ ၇ ဦးကို သောကြာနေ့ (မတ်လ ၂၇ ရက်) က ဒေလီမြို့က အထူးတရားရုံးတစ်ခုမှာ NIA ဘက်ကနေ ဒီလူတွေကို ၁၅ ရက်ကြာ စစ်ဆေးခွင့်ပြုဖို့ ထပ်မံ လျှောက်ထားခဲ့တာပါ။ ဒါပေမဲ့ NIA အထူးတရားသူကြီး ပရာရှန့် ရှာမားကတော့ ဒီအမှုရဲ့ ထိခိုက်လွယ်တဲ့ သဘာဝနဲ့ နိုင်ငံတကာအဆင့် ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကို ထည့်သွင်းစဉ်းစားပြီး ၁၀ ရက်ပဲ ခွင့်ပြုခဲ့တာဖြစ်လို့ လာမယ့် ဧပြီလ ၆ ရက်နေ့မှာ တရားရုံးကို ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမေရိကန်နိုင်ငံသား စစ်ပြန်တစ်ဦးဖြစ်တဲ့ SOLI SOLI (Sons of Liberty International) တည်ထောင်သူ Matthew Aaron Van Dyke တစ်ဦးပါဝင်ပြီး ကျန်တဲ့ ၆ ဦးဖြစ်တဲ့ Hurba Petro၊ Slyviak Taras၊ Ivan Sukmanovskyi၊ Stefankiv Marian၊ Honcharuk Maksim နဲ့ Kaminskyi Viktor တို့ကတော့ ယူကရိန်းနိုင်ငံသားတွေ ဖြစ်ကြသလို ဒီခြောက်ဦးထဲက သုံးဦးကလည်း ယူကရိန်းစစ်ပြန်တွေဖြစ်ပါတယ်။ သူတို့ကို ၁၉၆၇ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (UAPA) ပုဒ်မ ၁၈ အရ အမှုဖွင့်ထားတာဖြစ်ပြီး အဆိုပါပုဒ်မဟာ အကြမ်းဖက်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ ထောက်ပံ့မှု၊ အားပေးကူညီမှု ဒါမှမဟုတ် လှုံ့ဆော်မှုတွေနဲ့ သက်ဆိုင်ပါတယ်။
NIA ရဲ့ ထုတ်ပြန်ချက်အရ ဒီလူ ၇ ဦးဟာ မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ ထောက်ပံ့တာအပြင် စစ်သင်တန်းပေးတာတွေမှာပါ ပါဝင်ပတ်သက်နေပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောကြားချက်အရ ဒီအဖွဲ့ဟာ အိန္ဒိယနိုင်ငံထဲကို ဗီဇာအမှန်နဲ့ ဝင်လာခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ တားမြစ်ထားတဲ့နယ်မြေကို ဝင်ရောက်ခွင့်လက်မှတ် (Restricted Area Permit) မရှိဘဲ မီဇိုရမ်ပြည်နယ် (Mizoram) ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ဝင်ရောက်ပြီး အိန္ဒိယကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
တာဝန်ရှိသူတွေရဲ့ နောက်ထပ် စွပ်စွဲချက်တစ်ခုကတော့ ဒီလူတွေ မီဇိုရမ်မှာ ရှိနေစဉ်အတွင်း ဥရောပကနေ ဒရုန်း (Drone) တွေ ပေးပို့တာကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို အိန္ဒိယကနေ ပြန်လည်ထွက်ခွာဖို့ ကြိုးစားနေစဉ်အတွင်း ဒေလီ၊ ကိုလ်ကတ္တားနဲ့ လတ်ခ်နောင်း မြို့တွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သောကြာနေ့ တရားရုံးကြားနာမှုမှာတော့ တရားခံတွေဘက်ကနေ အမှုစစ်ဆေးရာမှာ တရားမျှတမှုရှိစေဖို့အတွက် ကြားနေ ဘာသာပြန်တစ်ဦး ခန့်အပ်ပေးဖို့ တရားရုံးကို တောင်းဆိုခဲ့ကြတယ်လို့ “The Hindu” သတင်းမှာ ဖော်ပြထားပါတယ်။
Ref : The Hindu
