သက်တံ့
၂၈. ၃. ၂၀၂၆
အမေရိကန်နိုင်ငံ၊ တန်နက်ဆီပြည်နယ်အနောက်ပိုင်းမှာ သောကြာနေ့ (မတ်လ ၂၇ ရက်) က ကျောင်းကြိုပို့ဘတ်စ်ကားတစ်စီး၊ လူစီးကားတစ်စီးနဲ့ မြေသယ်ကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ ကျောင်းသားနှစ်ဦး သေဆုံးပြီး အနည်းဆုံး လူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမတော်တဆမှုဟာ တန်နက်ဆီပြည်နယ် ပို့ဆောင်ရေးဌာနပိုင် မြေသယ်ကား၊ Chevrolet Trailblazer အမျိုးအစား ကားတစ်စီးနဲ့ ကျောင်းဘတ်စ်ကားတို့ သုံးစီးတိုက်မိကြတာဖြစ်ပြီး ကာရိုးကောင်တီအတွင်းက အဝေးပြေးလမ်းမကြီး (၇၀) ပေါ်မှာ မတ်လ ၂၇ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ ပြည်နယ်အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထရဲဗစ် ပလော့ဇာက ပြောပါတယ်။ အခင်းဖြစ်ပွားပုံ အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲဖြစ်ပေမဲ့ ပို့ဆောင်ရေးဌာနပိုင် မြေသယ်ကားကတော့ ဒီယာဉ်တိုက်မှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ယူဆရကြောင်း သူက ဆိုပါတယ်။
ဖြစ်စဉ်အတွင်း မြေသယ်ကားပေါ်မှာ လူ ၂ ဦး၊ အိမ်စီးကားပေါ်မှာ လူတစ်ဦးနဲ့ ဘတ်စ်ကားပေါ်မှာ ကျောင်းသား ၂၅ ဦးနဲ့ လူကြီး ၅ ဦး၊ စုစုပေါင်း ၃၀ ဦး လိုက်ပါလာတာပါ။ အဆိုပါကားဟာ Clarksville မြို့က Kenwood အလယ်တန်းကျောင်းက ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို Jackson မြို့ဆီ လေ့လာရေးခရီး ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ Clarksville-Montgomery ကျောင်းများအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ Kenwood အလယ်တန်းကျောင်းဟာ မောင်ဂိုမာရီခရိုင် (Montgomery County)၊ Clarksville မြို့မှာ ရှိတာဖြစ်ပြီး အခု မတော်တဆဖြစ်တဲ့နေရာရဲ့ မြောက်ဘက် အရှေ့ဘက်နားမှာ ရှိတယ်လို့ သိရသလို လက်ရှိမှာတော့ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ပလော့ဇာက ကျောင်းသားနှစ်ဦး သေဆုံးသွားတဲ့အကြောင်း ကြေညာခဲ့ပါတယ်။ တခြား ဒဏ်ရာရသူ ခုနစ်ဦးကိုတော့ လေကြောင်းလူနာတင်ယာဉ် (ရဟတ်ယာဉ်) နဲ့ ဆေးရုံတွေကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ဒဏ်ရာအခြေအနေကိုတော့ အသေးစိတ် မသိရသေးပေမဲ့ ပလော့ဇာကတော့ ဒီဖြစ်ရပ်ဟာ “မိဘတွေအတွက်တော့ အဆိုးရွားဆုံး အိမ်မက်ဆိုးတစ်ခုပဲ” လို့ တင်စားပြောဆိုသွားပါတယ်။
ကျောင်းအုပ်ကြီး ကရင်မီလာကတော့ လာမယ့် တနင်္လာနေ့ကစပြီး ကျောင်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးမယ့်သူတွေ (Counselors) ထားရှိပေးသွားမယ်လို့ ပြောပါတယ်။ ကျောင်းသားမိဘတွေဆီ ပေးပို့တဲ့စာမှာတော့ ဒါဟာ စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့ အဖြစ်ဆိုးကြီးဖြစ်ကြောင်းနဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေ သူငယ်ချင်းတွေ သေဆုံးသွားတဲ့အပေါ် ခံစားရမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အနီးကပ် ဂရုစိုက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
“ကျွန်မတို့ရဲ့ ကျောင်းသားတွေ၊ မိသားစုတွေနဲ့ ဝန်ထမ်းတွေအတွက် ဆုတောင်းပေးကြပါဦး”လို့ မီလာက ရေးသားထားပါတယ်။ “ကျွန်မတို့ Kenwood ကျောင်းသူကျောင်းသားတွေရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ယုံကြည်သလို အခုလို ခက်ခဲတဲ့အချိန်မှာ အချင်းချင်း ဝိုင်းဝန်းကူညီကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”လို့လည်း ဆိုပါတယ်။
ဒဏ်ရာရသူ လေးဦးကိုတော့ နက်ရှ်ဗီးလ်မြို့က Monroe Carell Jr. ကလေးဆေးရုံကို ပို့ဆောင်ထားပြီး သူတို့ရဲ့ အခြေအနေဟာ သောကြာနေ့အထိ တည်ငြိမ်မှုရှိနေတယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒါ့အပြင် ကျန်တဲ့ လူ ၁၉ ဦးကိုလည်း Baptist Memorial ဆေးရုံကို ပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးနောက်မှာတော့ အားလုံးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပါတယ်။
Ref : AP & NBC
