၂၈.၃.၂၀၂၆
Written by Linn Eain
မကွေးမြို့နယ်မှ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ထမင်းဆိုင်တွင် အလုပ်ရမည်ဆိုပြီးနောက် တရုတ်ယောကျ်ားယူပြီး တစ်နှစ်ပေါင်းသင်းရန် ခြိမ်းခြောက်ပြောဆိုသည့် အမျိုးသမီးတစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၃၅ အရ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးကို ၀ရမ်းပြေးအဖြစ်ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရွာဟောင်းကန်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာနေ မအေးချမ်းမြေ့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာမြို့၊ အမှတ်(၃)ရပ်ကွက်နေ မယမင်းထက် (ခ)မထက်တို့နှစ်ဦးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ထမင်းဆိုင်၌ အလုပ်လုပ်လိုပါက တစ်လလျှင် ယွမ် ၃၅၀၀၊ မြန်မာငွေ ၁၈ သိန်းကျပ်ခန့် ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် တရုတ်နိုင်ငံရှိ အမည်မသိ တရုတ်ပွဲစားအမျိုးသမီး၏ နေအိမ်တွင် နေထိုင်စဉ် မယမင်းထက်(ခ)မထက်က Wechat မှတစ်ဆင့် တရုတ်ယောက်ျားယူရမည်၊ ယွမ် ၃၀၀၀၀ ရမည်၊ တစ်နှစ်ပေါင်းသင်းရမည်ဟု ပြောခဲ့ရာ ၎င်းက တရုတ်ယောက်ျားမယူလိုဘဲ နေအိမ်သို့ ပြန်လိုကြောင်း ပြန်လည်ပြောကြားခဲ့သော်လည်း မယမင်းထက်(ခ)မထက်က လမ်းခရီးကုန်ကျစရိတ်များအား ပေးလျော်ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်ပွဲစား အမျိုးသမီး၏နေအိမ်မှ ထွက်ပြေးကာ ၎င်းနှင့်ရင်းနှီးသူတစ်ဦး၏ နေအိမ်တွင် တစ်လခွဲခန့် ရှောင်တိမ်းနေထိုင်စဉ် တရုတ်ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)က ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။
ထို့အတွက် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းက (ပ)၁၁၀/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲခဲ့ပြီး မတ် ၂၄ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ တရားခံ မယမင်းထက်(ခ)မထက်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးချမ်းမြေ့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အရ ၀ရမ်းအတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
