၂၈.၃.၂၀၂၆
Written by KL
ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၁၈/၄ တွင် Honda Fit မော်တော်ယာဥ်တစ်စီး ယနေ့ နံနက် ၆ နာရီခန့်က မောင်းနှင်လာစဥ် အရှိန်လွန်တိမ်းမှောက်ခဲ့ရာမှ ဘုန်းကြီးတစ်ပါးနှင့် လူသုံးဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ရဟန်းတစ်ပါးဖြစ်သော သက်တော် ၆၈ နှစ်အရွယ် ဦဇဋိလ မောင်းနှင်ကာ ကလေးနှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ လိုက်ပါလာသော Honda Fit အမဲရောင်မော်တော်ယာဥ်မှာ မောင်းနှင်လာစဥ် အရှိန်လွန်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း ဦးဇဋိလမှာ ပျံလွန်တော်မူခဲ့ပြီး ကျောင်းသားများဖြစ်သော အသက် ၁၃ နှစ်အရွယ် မောင်အောင်ဘုန်းခန့်၊ ၈ နှစ်အရွယ် ဘုန်းမြတ်စံနှင့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတို့လည်းသေဆုံးခဲ့ကြောင်းသိရသည်။
“ဘုန်းဘုန်းနဲ့ ကျောင်းသားလေး၂ ယောက်ကတော့ နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသမီးကတော့ ဆေးရုံအရောက်မှာပဲ ဆုံးသွားတယ်”ဟု ယာဥ်တိမ်းမှောက်မှုသို့ သွားရောက်စစ်ဆေးသူတစ်ဦးက ပြောသည်။
ထို့အပြင် ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် နဖူး ဖူးယောင်၊ ခါးနာကျင်ဒဏ်ရာရရှိသဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် လူလေးဦး သေဆုံးပြီး မော်တော်ယာဥ် ရှေ့ ဦးခေါင်းပိုင်းပိန့်ချိုင့်က ရှေ့လေကာမှန်များကွဲအက်သဖြင့် မော်တော်ယာဥ်မောင်းနှင်ခဲ့သော ဦးဇဋိလကို ပန်းတင်အမြန်လမ်းရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

