၂၈.၃.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရက အသက် ၁၆ နှစ်အောက် ကလေးများအတွက် လူမှုမီဒီယာတွေ သုံးစွဲခွင့်ကို ပိတ်ပင်မှုက မတ်လ ၂၈ ရက်မှာ စတင်အသက်ဝင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆုံးဖြတ်ချက်အရ အရွယ်မရောက်သေးသူတွေကို ဆိုက်ဘာအနိုင်ကျင့်မှု၊ ဒစ်ဂျစ်တယ်စွဲလမ်းမှုနဲ့ ကလေးသူငယ်တွေအတွက် ညစ်ညမ်းရုပ်ပုံဗီဒီယိုတွေမှ ကာကွယ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အွန်လိုင်းပလက်ဖောင်းတွေမှာ ကလေးသူငယ်တွေ အကောင့်ဖန်တီးမှုနဲ့ အသုံးပြုမှုကို တားမြစ်ထားပါတယ်။
ဆုံးဖြတ်ချက်အရ အင်ဒိုနီးရှားဟာ YouTube၊ TikTok၊ Instagram နဲ့ X ကဲ့သို့ လူမှုမီဒီယာပလက်ဖောင်းတွေကို ထိုကဲ့သို့သော ပိတ်ပင်မှု ပြဋ္ဌာန်းတာကို စတင်ကျင့်သုံးတဲ့ ပထမဆုံး အာရှနိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။

ဆရာများအသင်းတစ်သင်းမှ လူမှုမီဒီယာတွေအသုံးပြုရာမှာ အခုလို အသက်အရွယ်ကန့်သတ်ချက်ကို ကြိုဆိုခဲ့ပြီး ဒစ်ဂျစ်တယ်စွဲလမ်းမှုကို ကာကွယ်ဖို့ အကူအညီပေးမယ်လို့ ပြောကြားခဲ့ပေမယ့် လူ့အခွင့်အရေးအဖွဲ့အစည်း Amnesty International က လူငယ်များအနေနဲ့ သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်တင်ပြဖို့ နည်းလမ်းဆုံးရှုံးသွားမှာကို စိုးရိမ်မိတယ်လို့ ဖော်ပြခဲ့ပါတယ်။
Amnesty ရဲ့ အင်ဒိုနီးရှားနိုင်ငံဌာနခွဲ အမှုဆောင်ဒါရိုက်တာ အတ်စ်မင် ဟာမစ် Usman Hamid က “ခုလိုကျယ်ပြန့်တဲ့ ပိတ်ပင်မှုပြုလုပ်တာက ကလေးသူငယ်တွေအတွက် သူတို့ရဲ့ လူ့အခွင့်အရေးတွေကို တိုက်ရိုက်အကျိုးသက်ရောက်စေမယ့် အစိုးရမူဝါဒတွေအပေါ် သူတို့ရဲ့အမြင်တွေကို ဖော်ပြဖို့မှာ ပိုမိုခက်ခဲလာလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
အခြားသူတချို့ကလည်း ငယ်ရွယ်တဲ့ဒစ်ဂျစ်တယ်အွန်လိုင်းအကြောင်းအရာဖန်တီးသူတွေအတွက် သူတို့မိသားစုဘဏ္ဍာရေးအတွက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်နိုင်တဲ့ ဝင်ငွေတွေဆုံးရှုံးသွားနိုင်မှုအပေါ် စိုးရိမ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Follower ၈၀၀,၀၀၀ အထိရရှိထားတဲ့ Instagram နဲ့ Facebook တို့မှ အွန်လိုင်း အကြောင်းအရာဖန်တီးသူ အသက် ၁၄ နှစ်အရွယ် ချာရစ်ဆာ ပူထရီ ချန်ဒရာ ကီရာနာဆိုရင် ကျောနာကျင်မှုဖြစ်လို့ သူမရဲ့မိခင် အလုပ်မလုပ်နိုင်တော့ပြီးနောက် လူမှုမီဒီယာက သူမ၏မိသားစုအတွက် ဝင်ငွေရှာဖို့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
ချာရစ်ဆာက “ကျွန်မလို အွန်လိုင်းအကြောင်းအရာဖန်တီးသူတွေအဖြစ် လုပ်ကိုင်နေတဲ့ ကလေးအများစုဆိုရင် သူတို့တွေအတွက် ဝင်ငွေဟာ အစိုးရရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတဲ့အတွက် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref- Kyodo News
