သတိုး
၂၈. ၃. ၂၀၂၆
လက်နက်ကိုင်လမ်းစဉ်များမှ အကြမ်းဖက်သမားများက မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် အဓိကဝင်ငွေရှာဖွေနေကြသည့်အပြင် Online လိမ်လည်မှုများအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများကိုလည်း ကျူးလွန်နေကြသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အထူးစစ်ဆင်ရေးများဖြင့် တိုက်ဖျက်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၇ ရက်တွင်ကျရောက်သည့် ၈၁ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။
“ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားလူမျိုးရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ အကြမ်းဖက်သမားများဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ အဓိကဝင်ငွေရှာဖွေနေကြပြီး Online လိမ်လည်မှုနဲ့ Online လောင်းကစားမှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်လျက်ရှိနေကြတယ်။ ဒီကိစ္စတွေဟာ အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ပေးနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထူးစစ်ဆင်ရေးများနဲ့ တိုက်ဖျက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိကြောင်း အသိပေးပြောကြားလိုတယ်” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။




မြန်မာနိုင်ငံတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် CRPH/NUG/PDF၊ ရခိုင်လက်နက်ကိုင် AA၊ တအာင်းလက်နက်ကိုင် TNLA၊ ကိုးကန့်လက်နက်ကိုင် MNDAA၊ ကရင်လက်နက်ကိုင် KNU/KNLA စသည့် အဖွဲ့အစည်းများရှိနေပြီး ထိုအထဲတွင် ရှမ်းမြောက်မှ လက်နက်ကိုင်များနှင့် ဆက်နွှယ်သော မူးယစ်ဆေးဝါးမှုများ၊ ရခိုင်လက်နက်ကိုင် AA ၏ မူးယစ်ဆေးဝါးမှုများမှာ ဘီလျံရာချီ မကြာခဏ ဖမ်းမိနေသည်။ ထို့အတူ KNU/KNLA နှင့် ဆက်နွှယ်သည့် KK Park နှင့် ရွှေကုက္ကိုလ်နယ်မြေတို့ကို တပ်မတော်က စီးနင်းဖမ်းဆီးကာ ဖျက်ဆီးရှင်းလင်းမှု၊ ရှမ်းမြောက်လက်နက်ကိုင်များနှင့် ဆက်နွှယ်သည့် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများကို တပ်မတော်က ရှင်းလင်းကာ လူဦးရေ ၅၀၀၀၀ ကျော်အား တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးမှုများ အောင်မြင်စွာ လုပ်ဆောင်ထားသလို လက်ရှိအချိန်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။
