◾️ ယာယီသမ္မတ မှာကြားထားသည့် သွားလာရန်ခက်ခဲသည့်မြို့များဖြစ်သည့် ပူတာအိုမြို့၊ မြစ်ကြီးနားမြို့၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို၊ ကော့သောင်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြိုများသို့လည်း ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ထား

၂၅. ၃. ၂၀၂၆
Written by Nyein Kyaw
လေကြောင်းလိုင်းများ လေယာဉ်ဆီဝယ်ယူရရှိရေး နိုင်ငံတော်က ဆောင်ရွက်ပေးထားပြီးဖြစ်၍ မတ်လ ၂၅ ရက် (ယနေ့)မှ စတင်၍ ပြည်တွင်းလေကြောင်းလိုင်းများ ယခင်ခရီးစဉ်များအတိုင်း အပြည့်အဝ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း (MNA)၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)၊ မင်္ဂလာလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်းတို့အနေဖြင့် လေယာဉ်ဆီအခက်အခဲကြောင့် အများပြည်သူသယ်ယူပိုဆောင်ရေး (Public Transportation) ဖြစ်သော လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် နိုင်ငံတော်သည် လေကြောင်းလိုင်းများမှ လိုအပ်သည့်လေယာဉ်ဆီများကို ဝယ်ယူရရှိရေး စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစတင်ကာ ယခင်ပျံသန်းပြေးဆွဲလျက်ရှိသည့် ခရီးစဉ်များအတိုင်း အပြည့်အဝပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ပျံသန်းမည့်ခရီးစဉ်များတွင် မဖြစ်မနေပျံသန်းပြေးဆွဲရန် လိုအပ်သည့် ပူတာအိုမြို၊ မြစ်ကြီးနားမြို့၊ ကျိုင်းတုံမြို၊ တာချီလိတ်မြို့၊ ကော့သောင်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့များသို့ ပထမဦးစားပေးအနေဖြင့် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စသည့် မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွားလာရန် ခက်ခဲသည့်ဒေသများသိုလည်း ဒုတိယဦးစားပေးအနေဖြင့် ပြေးဆွဲပေးသွားရန်လိုကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမနေ့တွင် ကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
