
သက်တံ့
၂၃. ၃. ၂၀၂၆
ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဗီယက်နမ်ခရီးသွားတစ်ဦး၏ ကျောပိုးအိတ်ကို ခိုးယူခဲ့သည်ဟု သံသယရှိသူ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ယနေ့ ဖမ်းဆီးလိုက်ရာ အမှုဖြစ်ပွားပြီး ၂ နာရီအတွင်း အမြန်ဆုံး ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ မတ်လ ၂၂ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်ခရီးသွား အမျိုးသမီးဖြစ်သူ Quach Thi Thanh Hien သည် ပထုံဝမ် (Pathumwan) နယ်မြေရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဈေးဝယ်နေစဉ် သူမ သတိမထားမိဘဲ ကျောပိုးအိတ် အခိုးခံခဲ့ရခြင်း ဖြစ်သည်။ထို့နောက် သူမသည် ည ၈ နာရီ ၂၃ မိနစ်တွင် ပထုံဝမ်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေးမှူးများသည် CCTV မှတ်တမ်းများကို အမြန်ဆုံးပြန်လည်စစ်ဆေးခဲ့ရာ တီရှပ်နှင့် ဘောင်းဘီရှည်အနက်ရောင် ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးကို သံသယရှိသူအဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းကို ဈေးဝယ်စင်တာမှ ထွက်ခွာပြီး ဖယာထိုင်း (Phaya Thai) လမ်းမဘက်သို့ ဦးတည်သွားသည်ကို တွေ့ရှိခဲ့ရသည်။ ရဲတပ်ဖွဲ့သည် ၎င်းနောက်သို့ လိုက်လံစုံစမ်းရာမှ စွိုင်နွမ်ဂျစ် (Soi Nomjit) ရပ်ကွက်တွင် အသက် ၃၁ နှစ်အရွယ် “လိန်း” (Lane) အမည်ရှိ မြန်မာအမျိုးသားကို ရှာဖွေတွေ့ရှိကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမေးမြန်းမှုများပြုလုပ်စဉ် ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သော သံသယရှိသူက ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့သည် ၎င်း၏အခန်းအတွင်းမှ အနက်ရောင်ကျောပိုးအိတ် တစ်လုံးနှင့်အတူ ထိုင်းဘတ်ငွေ ၉,၅၀၀ အပြင်၊ အမေရိကန်ဒေါ်လာနှင့် ဗီယက်နမ်ဒေါင် အစရှိသည့် နိုင်ငံခြားငွေအမျိုးမျိုး အပါအဝင် ခိုးယူခံရသော ပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
နစ်နာသူ ခရီးသွားအမျိုးသမီးက ၎င်းပစ္စည်းများမှာ သူမ၏ ပစ္စည်းများဖြစ်ကြောင်း အတည်ပြုခဲ့သည်။
လက်ရှိတွင် သံသယရှိသူအား ညအချိန် ခိုးမှုကျူးလွန်မှုဖြင့် တရားစွဲဆိုထားပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။
Ref: Khaosod
