

၂၃.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့၊ လာဂတ်ဒီယာ (LaGuardia) လေဆိပ်မှာ Air Canada လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးက လေဆိပ်ပြေးလမ်းပေါ်ရှိ မီးသတ်ကားတစ်စင်းနဲ့ မတ်လ ၂၂ ရက်ညမှာ တိုက်မိခဲ့ပြီး လေယာဉ်မှူးနဲ့ လက်ထောက်လေယာဉ်မှူးတို့ သေဆုံးကာ တခြားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောခဲ့ပါတယ်။
မတ်လ ၂၂ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်မှာ Air Canada ကိုယ်စား ပြေးဆွဲနေတဲ့ Jazz Aviation လေယာဉ်တစ်စင်းက လေဆိပ်အာဏာပိုင်တွေရဲ့ ကယ်ဆယ်ရေးနဲ့ မီးသတ်ယာဉ်တစ်စီးကို ဝင်တိုက်မိခဲ့တာလို့ အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေက အရေးပေါ်တုံ့ပြန်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ချက်ချင်းဆောင်ရွက်ခဲ့ပြီး ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့အတွက် လေဆိပ်ကို လက်ရှိမှာ ပိတ်ထားပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မီးသတ်ထရပ်ကားအတွင်းရှိ လူနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ထရပ်ကားကို ကနဦးမှာ ရှင်းလင်းပြီးဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မှ ပျံသန်းလာတဲ့ အဆိုပါ CRJ-900 လေယာဉ်မှာ ခရီးသည် ၇၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦးပါဝင်တယ်လို့ Air Canada လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။
လေယာဉ်မှူးနဲ့ လက်ထောက်လေယာဉ်မှူးတို့ သေဆုံးခဲ့ပေမယ့် ခရီးသည် ၇၂ ဦးမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း သိရပါတယ်။
Ref- CNN
