◾️ ရုရှားထောက်လှမ်းရေး၏ သတင်းပေးမှုအရ အိန္ဒိယထောက်လှမ်းရေးက ၃ လကြာစောင့်ကြည့်ပြီးမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်
သတိုး
၂၃. ၃. ၂၀၂၆
အိန္ဒိယနိုင်ငံက ဖမ်းဆီးထားတဲ့ အမေရိကန်ကြေးစားစစ်သား Matthew Aaron VanDyke နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့ဟာ မြန်မာနိုင်ငံအခြေစိုက် AA ၊ KIA နဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေကို စစ်သင်တန်းတွေ အကြိမ်ကြိမ် ပေးခဲ့တယ်လို့ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ထံ ဝန်ခံလိုက်ပါတယ်။
ဒါ့အပြင် ဥရောပကနေ ဒရုန်းတွေနဲ့ လိုင်းနှောင့်ယှက်ရေး (Jamming) ပစ္စည်းအမြောက်အမြားကို အိန္ဒိယနိုင်ငံကတစ်ဆင့် မြန်မာပြည်ထဲကို တရားမဝင် တင်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။ VanDyke တို့ စစ်သင်တန်းပေးခဲ့တဲ့ မြန်မာလက်နက်ကိုင်အဖွဲ့တွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်းမှာ လှုပ်ရှားနေပြီး အစိုးရက ပိတ်ပင်ထားတဲ့ သူပုန်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိနေတာ ဖြစ်ပါတယ်။
ဒီအချက်တွေကို NIA က သတ်မှတ်ထားတဲ့ တရားရုံးမှာ တင်ပြခဲ့တာပါ။ အခုအခါ NIA နဲ့ ဗဟိုလုံခြုံရေးအေဂျင်စီတွေဟာ အရှေ့မြောက်ပိုင်းဒေသကတစ်ဆင့် လက်နက်နဲ့ ဂျမ်မာ (Jammers) တွေ သယ်ယူပို့ဆောင်ရာမှာ ပါဝင်ကူညီခဲ့တဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေကိုပါ ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ချဲ့ထွင်လုပ်ဆောင်နေပါတယ်။
အိန္ဒိယလုံခြုံရေးအေဂျင်စီတွေဟာ အိန္ဒိယသူပုန်အဖွဲ့တွေကို ကူညီပေးခဲ့တဲ့ အရှေ့မြောက်ပိုင်းက ဒေသခံလမ်းပြတွေကိုပါ စုံစမ်းနေပြီး၊ မီဇိုရမ်နဲ့ အာသံပြည်နယ်တွေထဲမှာ သူတို့ကို လမ်းကြောင်းပြပေးခဲ့သူတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဒီလို ဖော်ထုတ်နိုင်မှုတွေကြောင့် အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသဟာ “နိုင်ငံခြားကြေးစားစစ်သားတွေရဲ့ စင်္ကြံလမ်း” ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဖမ်းဆီးခံရသူ ၇ ဦးဖြစ်တဲ့ Mathew VanDyke နဲ့ ယူကရိန်းနိုင်ငံသားတွေဖြစ်တဲ့ Maksym Honcharuk, Petro Hubra, Ivan Sukmanovskyi, Marian Stefankiv, Taras Slyviak နဲ့ Viktor Kaminskyi တို့ကို ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက်က ဖမ်းဆီးခဲ့ပြီး မတ်လ ၂၇ ရက်နေ့အထိ NIA က ထိန်းသိမ်းထားမှာဖြစ်ကာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (UAPA) နဲ့ အမှုဖွင့်ထားပါတယ်။
ဒီအုပ်စုဟာ ကမ္ဘာလှည့်ခရီးသွားဗီဇာကို အကာအကွယ်ယူပြီး ဥရောပကနေ ဒရုန်းနဲ့ ဂျမ်မာပစ္စည်းတွေကို မှောင်ခိုသွင်းခဲ့တာပါ။ အဲဒီနောက် မြန်မာပြည်ထဲကို တရားမဝင်ဝင်ရောက်ပြီး အိန္ဒိယသူပုန်တွေနဲ့ ဆက်နွှယ်နေတဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေကို သင်တန်းပေးခဲ့ပါတယ်။ အဲဒီမှာ ဒရုန်းတပ်ဆင်နည်း၊ တိုက်ပွဲဝင်နည်းနဲ့ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ဖို့အတွက် Jamming လိုင်းနှောင့်ယှက်ရေးနည်းဗျူဟာတွေကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
VanDyke ဟာ ဒီအဖွဲ့ထဲမှာ အရေးအပါဆုံးသူပါ။ သူဟာ Sons of Liberty International ကို တည်ထောင်သူဖြစ်ပြီး လစ်ဗျားမှာ ကဒါဖီကို တိုက်ခိုက်ခဲ့သလို၊ ဆီးရီးယားမှာလည်း အာဆတ်အစိုးရကို တိုက်ခိုက်တဲ့သူတွေကို သင်တန်းပေးခဲ့ဖူးပါတယ်။ ယူကရိန်းမှာလည်း ရုရှားကို တိုက်ခိုက်ခဲ့သူပါ။ အခုတော့ သူဟာ တိုက်ပွဲအတွေ့အကြုံရှိတဲ့ ယူကရိန်းစစ်ပြန်တွေကို စုဆောင်းပြီး မြန်မာနိုင်ငံက ကချင် (KIA)၊ ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ရခိုင် (AA) တပ်ဖွဲ့တွေကို နည်းပညာနဲ့ စစ်ရေးဗျူဟာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒီ AA ၊ KIA နဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်းက သူပုန်အဖွဲ့တွေဖြစ်တဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းက အာသံသူပုန် (ULFA) နဲ့ နာဂသူပုန် (NSCN) တို့နဲ့ ဆက်နွှယ်မှုရှိတယ်လို့ မှတ်တမ်းတင်ထားတာတွေ ရှိပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma ကလည်း ၂၀၂၄ ခုနှစ်၊ ဇွန်လကနေ ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား ၂,၀၀၀ ခန့် ပြည်နယ်ထဲ ဝင်ရောက်ခဲ့ကြောင်းနဲ့ အများစုဟာ ခရီးသွားအစစ်အမှန်မဟုတ်ဘဲ မြန်မာပြည်ထဲကို လက်နက်သင်တန်းသွားပေးဖို့ ဖြတ်ကျော်သူတွေဖြစ်ကြောင်း လွှတ်တော်မှာ တင်ပြခဲ့ဖူးပါတယ်။ ဒါကြောင့် ကန့်သတ်နယ်မြေဖြတ်သန်းခွင့် (PAP) စနစ်ကို ပြန်လည်ကျင့်သုံးခဲ့ရတာပါ။
ဒီစစ်ဆင်ရေးမှာ သူလျှိုလုပ်ငန်းတွေ၊ အိန္ဒိယသူပုန်တွေကို ငွေကြေးထောက်ပံ့တာတွေ ဒါမှမဟုတ် အရှေ့မြောက်ပိုင်းမှာ လျှို့ဝှက်အဖွဲ့တွေ (Sleeper cells) ဖွဲ့စည်းတာတွေ ပါဝင်နေသလားဆိုတာကို NIA က စုံစမ်းနေပါတယ်။ ဒီအမှုဟာ ရုရှားထောက်လှမ်းရေးရဲ့ သတင်းပေးချက်ကြောင့် NIA က ၃ လကြာ စောင့်ကြည့်ပြီးမှ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ မတော်တဆဖြစ်ရပ်မဟုတ်ဘဲ ပထဝီနိုင်ငံရေးရဲ့ ရိုက်ခတ်မှုတစ်ခုပါ။ ယူကရိန်းစစ်ပွဲကြောင့် ကျွမ်းကျင်ကြေးစားစစ်သားတွေနဲ့ ဒရုန်းနည်းပညာတွေဟာ ဈေးကွက်ထဲမှာ ပေါများလာပါတယ်။ အနောက်နိုင်ငံတွေရဲ့ ကွန်ရက်တွေဟာ (ထောက်လှမ်းရေးတွေရဲ့ တိတ်တဆိတ် ထောက်ခံမှုနဲ့) မြန်မာ့တပ်မတော်ကို အားနည်းသွားအောင်လုပ်ဖို့နဲ့ အရှေ့တောင်အာရှမှာရှိတဲ့ တရုတ်ရဲ့ Belt and Road စီမံကိန်းတွေကို နှောင့်ယှက်ဖို့အတွက် ဒီလူတွေကို အသုံးချနေတာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြန်မာအစိုးရနဲ့ ရင်းနှီးတဲ့ ရုရှားကတော့ ဒီအချက်အလက်တွေကို BRICS မိတ်ဖက်ဖြစ်တဲ့ အိန္ဒိယဆီ လက်ဆင့်ကမ်းခဲ့တာပါ။ အိန္ဒိယအတွက်တော့ ဒါဟာ အမျိုးသားလုံခြုံရေးအတွက် အလွန်စိုးရိမ်စရာဖြစ်ပါတယ်။ မီဇိုရမ်နယ်စပ်ဟာ နိုင်ငံခြားစစ်သားတွေနဲ့ လက်နက်တွေ ဖြတ်သန်းရာ လမ်းမကြီးဖြစ်လာနေပါတယ်။ မြန်မာသူပုန်တွေ အိန္ဒိယမြေပေါ်မှာ သင်တန်းတက်ပြီး ရရှိသွားတဲ့ ဒရုန်းနည်းပညာတွေဟာ မဏိပူရ်ပဋိပက္ခမှာ သုံးနေတဲ့ အိန္ဒိယသူပုန်တွေဆီကို ပြန်လည်စီးဝင်သွားမှာကို အိန္ဒိယက စိုးရိမ်နေတာပါ။
ယူကရိန်းဘက်ကတော့ ဒါဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုလို့ ဆိုကာ ကောင်စစ်ဝန်နဲ့ တွေ့ခွင့်တောင်းထားပါတယ်။ ဝါရှင်တန်ကတော့ အခုထိ နှုတ်ဆိတ်နေဆဲပါ။ အိန္ဒိယလုံခြုံရေးအေဂျင်စီတွေကတော့ မူလ ၁၄ ဦးအဖွဲ့ထဲက ကျန်နေတဲ့ ၈ ဦးနဲ့ ဒေသခံလမ်းပြတွေကို အပြင်းအထန် လိုက်လံရှာဖွေနေပါတယ်။ ဒီဖမ်းဆီးမှုဟာ အိန္ဒိယမြေကို ဘယ်သူ့ရဲ့ ကစားကွင်းမှ အဖြစ်မခံဘူးဆိုတဲ့ သတင်းစကားကို ရှင်းရှင်းလင်းလင်း ပေးလိုက်တာပဲ ဖြစ်ပါတယ်။
Ref : The Pioneer
