၂၃.၃.၂၀၂၆
Written By Thandar
အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး ဆရာတော် အသျှင်ကုမာရက နှစ်ဦးအကြိုအလှူအနေနဲ့ အမေများအဖွဲ့အတွက် အလှူငွေ ကျပ် ၁၀ သိန်းကို မတ်လ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။
“ဦးဇင်းတို့ အလိုတော်ပြည့်ကျောင်း ပန္နက်ရိုက်ခဲ့စဉ်က ဒေါ်နွဲ့နွဲ့စန်းတို့ လာရောက်ခဲ့ဖူးတာတွေ ရှိခဲ့ပါတယ်။ ခုအချိန် ဦးဇင်းအနေနဲ့ အမေများအဖွဲ့ရဲ့ အခက်အခဲ အကျပ်အတည်းတွေကို သိပါတယ်။ ဒါကြောင့် အမေများအဖွဲ့ကို နှစ်ဦးအကြို သက်ကြီးပူဇော်တဲ့အနေနဲ့ နှစ်သစ်မင်္ဂလာ အခါသမယ မြန်မာ့နှစ်သစ် မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်ဦးအကြို အလှူအနေနဲ့ လှူဒါန်းခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာမိပါတယ်။ အမေများအဖွဲ့က အမေစန်း၊ အန်တီတူးတို့က ဆရာတော်ကြီးရဲ့ သာသနာပြု လုပ်ငန်းတွေမှာ အမြဲတမ်းပါလေ့ရှိပြီး မစိမ်းပါဘူး။ ကိုဗစ်ဖြစ်တုန်းကလည်း ဦးဇင်းအနေနဲ့ ကိုလူချောအဖွဲ့၊ မမများအဖွဲ့နဲ့အမေများအဖွဲ့က အမေစန်း၊ အန်တီတူးတို့ကို ဆန်၊ ဆီ၊ ဆေး၊ ဆားတွေကို လှူခဲ့ဖူးပါတယ်”လို့ ဆရာတော် အသျှင်ကုမာရက မိန့်ကြားခဲ့ပါတယ်။
အဆိုပါ နှစ်ဦးအကြိုအလှူအဖြစ် လှူဒါန်းတဲ့ အလှူငွေ ၁၀ သိန်းကျပ်ကို အမေများအဖွဲ့ကို ဦးဆောင်သူ အမေ ဒေါ်နွဲ့နွဲ့စန်းနဲ့အတူ သရုပ်ဆောင် မတူး၊ သရုပ်ဆောင် နန်းခမ်းဝါ၊ အမေများအဖွဲ့ဝင် အမေများက လက်ခံခဲ့ကြပြီး စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံခဲ့ကြပါတယ်။
ဒါ့ပြင် သရုပ်ဆောင် ဘေဘီမောင်ကလည်း အမေများအဖွဲ့ကို ဆေးဝါးပစ္စည်းတွေနဲ့ ငွေသားတချို့ကိုလည်း ပါဝင်လှူဒါန်းခဲ့ပြီး အမေများအဖွဲ့ကလည်း အကအလှတွေနဲ့ ပြန်လည်က,ပြ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
#ဆရာတော်အသျှင်ကုမာရ #အမေများအဖွဲ့ #AshinKumara #အလိုတော်ပြည့် #ဘေဘီမောင် #အလိုတော်ပြည့်ဆရာတော် #ဒေါ်နွဲ့နွဲ့စန်း #DawNweNweSan #Donation #BabyMaung








