


MT News
၂၂. ၃. ၂၀၂၆
လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင် နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာ အနီးတဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မတ် ၂၀ ရက် ညနေပိုင်း၌ အဆိုပါကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာတွင် အလျား ၁၃၀ ပေ၊ အနံ ၅၀ ပေရှိ အဆောက်အအုံ ၂ လုံး၊ အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက်အအုံ ၃ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ လူနေ အဆောက်အအုံ ၃ လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၅၀ ပေ ရှိ ဂိုဒေါင် ၁လုံး၊ အလျား ၁၈၀ပေ၊ အနံ ၆၀ ပေရှိ အဆောက်အအုံ ၁ လုံး၊ Starlink ၁၀လုံး၊ All in One ကွန်ပျူတာ ၅၅ လုံး၊ Power Station ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်း များအား ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတဝိုက်အား နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် မတ် ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် ပထမဖမ်းဆီးရမိ သည့်နေရာ၏ အနောက်ဘက် မီတာ ၁၇၀၀ ခန့်အကွာသို့ရောက်၌ တရားမဝင် အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးနှင့် ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁ ဦးတို့ကို လည်းကောင်း၊ ဒုတိယဖမ်းဆီးရမိ နေရာ၏ မြောက်ဘက် မီတာ ၁၁၀၀ ခန့်အကွာသို့အရောက်၌ တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို လည်း ကောင်း အသီးသီး ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက် စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
