
၂၂.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အီရန်အစိုးရအား ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်း၍ သင်္ဘောများ ပြန်လည်ပြေးဆွဲခွင့်ကို ၄၈ နာရီအတွင်း ခွင့်ပြုပေးရန် အချိန်ပေးခဲ့ပြီး မဟာဗျူဟာကျသော ရေလမ်းကြောင်းကို ပြန်မဖွင့်ပါက အမေရိကန်က အီရန်၏ ဓာတ်အားပေးစက်ရုံများကို ဖျက်ဆီးပစ်ရလိမ့်မည်ဖြစ်ကြောင်း မတ်လ ၂၁ ရက်က သတိပေးခဲ့သည်။
အမေရိကန်သမ္မတက ၎င်း၏ Truth Social လူမှုမီဒီယာပလက်ဖောင်းတွင် “အီရန်သည် ဤအချိန်မှ ၄၈ နာရီအတွင်း ခြိမ်းခြောက်မှုမပြုတော့ဘဲ ဟောမုဇ်ရေလက်ကြားကို အပြည့်အဝပြန်လည်ဖွင့်လှစ်ခြင်းကို မပြုလုပ်ပါက အမေရိကန်က အီရန်၏ ဓာတ်အားပေးစက်ရုံအမျိုးမျိုးကို တိုက်ခိုက်ဖျက်ဆီးပစ်မည် ဖြစ်ပြီး အကြီးဆုံးတစ်ခုမှ စတင်မည်” ဟု ရေးသားခဲ့ကြောင်းသိရသည်။
အီရန်သည် လက်ရှိ အမေရိကန်-အစ္စရေးတို့၏ စစ်ဆင်တိုက်ခိုက်မှုကို လက်စားချေသည့်အနေဖြင့် ရေလက်ကြားကို ဖြတ်သန်းသွားသော မည်သည့်သင်္ဘောကိုမဆို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ရာ ရေကြောင်းသွားလာမှုအများစုမှာ ထိရောက်စွာ ရပ်တန့်ခဲ့ရသည်။
ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံခန့်က ပုံမှန်အားဖြင့် ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းသွားနေရသည်ဖြစ်ရာ ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုက နိုင်ငံအများအပြားတွင် စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။
ထရမ့်ပ်၏ ခြိမ်းခြောက်မှုက အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ လျှော့ချရန် စဉ်းစားနေကြောင်း အိမ် ဖြူတော်တွင် သတင်းထောက်များအား ပြောကြားပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
Ref-DW News
