


၂၁. ၃, ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီအိမ်တိုင်ရာရောက် ရောင်းချပေးမှုအား ယခင် တစ်ပတ် ငါးရက်ရောင်းချပေးရာမှ မတ်လ ၂၁ ရက် (ယနေ့)မှစတင်၍ တစ်ပတ် ခြောက်ရက်အထိ ရက်တိုးမြှင့်ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ အသိပေးကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်သို့ စားအုန်းဆီများကို မိသားစုတစ်စု တစ်လစာရရှိနိုင်ရန်နှင့် လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန်ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ စားအုန်းဆီအိမ်တိုင်ရာရောက် ရောင်းချဖြန့်ဖြူးခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
ထို့သို့ ရောင်းချရာတွင် အိမ်ထောင်စုတစ်စုကို တစ်လအတွက် တစ်ကြိမ်လျှင် ၂ ပိဿာ ၅၀ ကျပ်သားနှုန်း (၅လီတာဘူး) ဖြင့် ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သည်။ ၂ ပိဿာ ၅၀ (၅လီတာဘူး) အား ကျပ် ၂၂,၀၀၀ ကျော် (တစ်ပိဿာ ကျပ် ၉,၀၀၀ ခန့်) ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ထောင်စုတစ်စုလျှင် တစ်လ ၂ ပိဿာ ၅၀ ကျပ်သားနှုန်း (၅လီတာဘူး) ဖြင့် ဝယ်ယူရရှိနိုင်ရန် ခရိုင် ၁၄ ခု၊ မြို့နယ် ၄၄ မြို့နယ်တွင် ခရိုင်အလိုက် Call Center များထားရှိပြီး မှာကြားချက်များကို ယခု လက်ရှိတွင် စနေနေ့၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များမပါ တစ်ပတ်လျှင် ငါးရက် အမှာစာများ လက်ခံလျက်ရှိသည်။
၂၀၂၆ ခုနှစ် ဧပြီလတွင် သင်္ကြန်ရုံးပိတ်ရက်များ များပြား၍ ဝယ်ယူရာတွင် ခက်ခဲမှုမရှိစေရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) တစ်ပတ်လျှင် ၆ ရက် မှာယူနိုင်ကြောင်း အသိပေးထားသည်။ ပစ္စည်းရောက်ငွေချေစနစ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်သည်။
မှတ်ချက်အနေဖြင့် သင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့် ၂ဝ၂၆ ခုနှစ် ဧပြီလ ၁၁ ရက်မှ ၁၉ ရက်အထိကိုမူ စားအုန်းဆီအိမ်တိုင်ရာရောက်ရောင်းချမှုအား အမှာစာလက်ခံခြင်းမရှိကြောင်း အသိပေးထားသည်။
