သက်တံ့
၂၀. ၃. ၂၀၂၆
Elon Musk ရဲ့ ဥာဏ်ရည်တု (AI) ကုမ္ပဏီဖြစ်တဲ့ xAI ဟာ အမေရိကန်၊ တန်နက်ဆီပြည်နယ်က ဆယ်ကျော်သက် လူငယ် ၃ ဦးရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။ xAI ရဲ့ ရုပ်ပုံဖန်တီးပေးတဲ့ နည်းပညာကိုသုံးပြီး သူတို့ရဲ့ဓာတ်ပုံအစစ်တွေကို ကာမရာဂနိုးကြွစေတဲ့ (Sexually explicit) ပုံရိပ်တွေအဖြစ် ပြောင်းလဲဖန်တီးခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
အထက်တန်းကျောင်းသား ၃ ဦးဟာ သူတို့ရဲ့ အမည်အရင်းကို မဖော်ပြဘဲ xAI ရုံးချုပ်ရှိရာ ကယ်လီဖိုးနီးယားပြည်နယ်မှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အလားတူ နစ်နာခဲ့ရတဲ့ ထောင်ပေါင်းများစွာသော လူငယ်တွေကိုယ်စား “အများပြည်သူကိုယ်စားပြု တရားစွဲဆိုမှု” (Class-action status) အဖြစ် ဆောင်ရွက်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။
◾️ နစ်နာသူတွေရဲ့ အခြေအနေ
တရားစွဲဆိုမှုထဲမှာ Jane Doe 1 ဆိုတဲ့ မိန်းကလေးရဲ့ အဖြစ်အပျက်ကို အဓိက ထောက်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သူမရဲ့ ကိုယ်လုံးတီးပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေတယ် ဆိုတာကို အမည်မသိသူတစ်ဦးဆီကနေတစ်ဆင့် သိရှိခဲ့ရတာပါ။
“အနည်းဆုံး ဗီဒီယိုဖိုင် ၁ ခုနဲ့ ဓာတ်ပုံ ၄ ပုံဟာ သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အစစ်အမှန်တွေ ဖြစ်နေပြီး သူမနဲ့ ရင်းနှီးတဲ့ ပတ်ဝန်းကျင်တွေမှာ ရိုက်ထားတာဖြစ်ပေမဲ့ ကာမရာဂနိုးကြွစေတဲ့ ပုံစံတွေအဖြစ် ပြောင်းလဲထားတာပါ” လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။ ပုံတွေကို ဖြန့်ဝေသူဟာ သူမနဲ့ သိကျွမ်းသူဖြစ်ပြီး xAI ရဲ့ နည်းပညာကို သုံးထားတာ ဖြစ်ပါတယ်။ အဲဒီပုံတွေထဲမှာ ကျောင်းက ကပွဲည (Homecoming) ဓာတ်ပုံနဲ့ ကျောင်းဆင်းပွဲ အထိမ်းအမှတ် မဂ္ဂဇင်း (Yearbook) ထဲက ဓာတ်ပုံတွေကို အသုံးပြုထားတာ တွေ့ရပါတယ်။
အဆိုပါ ပုဂ္ဂိုလ်ဟာ တခြားမိန်းကလေး ၁၈ ဦးရဲ့ အလားတူပုံတွေကိုလည်း ဖန်တီးခဲ့တာ တွေ့ရပြီး မနှစ်က ဒီဇင်ဘာလကုန်မှာတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ဖုန်းကို သိမ်းဆည်းခဲ့ပါတယ်။ သူဟာ ဒီပုံတွေကို တခြားသူတွေနဲ့ အပြန်အလှန် ဖလှယ်ဖို့အတွက် ပလက်ဖောင်းအသီးသီးကို တင်ခဲ့တယ်လို့ သိရပါတယ်။
◾️ xAI ရဲ့ “Grok” အပေါ် စွပ်စွဲချက်များစွာနဲ့ ကုမ္ပဏီဘက်က တုံ့ပြန်မှု
တခြား AI ကုမ္ပဏီတွေက လူကြီးတွေအတွက်တောင် ဒီလို ညစ်ညမ်းပုံတွေ မထွက်အောင် တားမြစ်ထားကြပေမဲ့ Elon Musk ကတော့ ဒါကို စီးပွားရေးအခွင့်အလမ်းတစ်ခုလို မြင်ခဲ့တယ်လို့ တရားစွဲဆိုချက်က ဆိုပါတယ်။ xAI ရဲ့ Grok Chatbot ကို “ပိုမိုပွင့်လင်းလွတ်လပ်သော” (Spicy) ဖန်တီးနိုင်စွမ်းရှိကြောင်း ကြော်ငြာခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ ကလေးသူငယ်တွေရဲ့ ပုံတွေကို လုံးဝပိတ်ပင်ထားရင်း လူကြီးတွေရဲ့ ပုံတွေကိုပဲ ဖန်တီးခွင့်ပေးဖို့ဆိုတာ လက်ရှိမှာ မဖြစ်နိုင်သေးဘူးလို့လည်း ဖော်ပြထားပါတယ်။
Grok ဟာ ရုပ်ပုံဖန်တီးဖို့အတွက် Flux လို့ခေါ်တဲ့ အဆင့်မြင့် AI model ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီ Model ဟာ တကယ့်လူတွေနဲ့ ခွဲခြားရခက်လောက်အောင် တူညီတဲ့ (Photorealistic) ရုပ်ပုံတွေကို မြန်မြန်ဆန်ဆန်နဲ့ အသေးစိတ် ဖန်တီးနိုင်စွမ်းရှိတာကြောင့် နာမည်ကြီးပါတယ်။ အခုပြဿနာမှာ Flux ရဲ့ အဲဒီလို လက်တွေ့ကျကျ ပုံဖော်နိုင်တဲ့စွမ်းရည်ကို အသုံးပြုပြီး နစ်နာသူတွေရဲ့ မူရင်းပုံတွေကို ညစ်ညမ်းတဲ့ ပုံရိပ်တွေအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
xAI ဘက်ကတော့ Associated Press (AP) ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က X (Twitter) ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာတော့ “X ကို လူတိုင်းအတွက် လုံခြုံတဲ့ ပလက်ဖောင်းတစ်ခုဖြစ်အောင် လုပ်ဆောင်နေပြီး ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနဲ့ ခွင့်ပြုချက်မရှိဘဲ အဖော်အချွတ်ပုံတွေ တင်တာကို လုံးဝ (လုံးဝ) ခွင့်မပြုပါဘူး” လို့ ရေးသားထားပါတယ်။
◾️ နစ်နာသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
တရားစွဲဆိုထားတဲ့ ကျောင်းသားတွေကတော့ ဒီပုံတွေဟာ အင်တာနက်ပေါ်မှာ ထာဝရ ကျန်ရှိနေမှာကို စိုးရိမ်နေကြပါတယ်။ သူတို့ရဲ့ နာမည်တွေနဲ့ ကျောင်းနာမည်တွေပါ ဖိုင်တွေမှာ ပါနေတာကြောင့် နောက်ယောင်ခံ လိုက်ခံရမှာကိုလည်း ကြောက်ရွံ့နေကြပါတယ်။
ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားစွဲဆိုခဲ့တဲ့ Jane Doe 1 ကတော့ စိုးရိမ်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ အိပ်မက်ဆိုးတွေ ခဏခဏ မက်နေရတယ်ဆိုပါတယ်။ Jane Doe 2 ကတော့ လူတွေနဲ့ မတွေ့ချင်တော့ဘဲ ကျောင်းသွားရမှာကို ကြောက်နေသလို၊ ကိုယ့်ရဲ့ ဘွဲ့နှင်းသဘင်တောင် မတက်ချင်တော့တဲ့အထိ ဖြစ်နေတဲ့အပြင် Jane Doe 3 ဟာလည်း တစ်ယောက်ယောက်က ဒီပုံတွေကို တွေ့ပြီး သူမကို မှတ်မိသွားမှာကို အမြဲတမ်း ကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။
တရားစွဲဆိုထားတဲ့ ကျောင်းသားတွေဟာ သူတို့ ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့ ဂုဏ်သိက္ခာ ထိခိုက်မှုတွေအတွက် xAI ကုမ္ပဏီဆီကနေ ပမာဏဖော်ပြထားခြင်းမရှိသေးတဲ့ နစ်နာကြေး တောင်းခံထားပါတယ်။ ဒါ့အပြင် အလားတူ နစ်နာခဲ့ရတဲ့ အခြားသော ကလေးသူငယ်ပေါင်း ထောင်ချီကို ကိုယ်စားပြုပြီး နစ်နာကြေး ရရှိနိုင်အောင်လည်း ကြိုးပမ်းနေပါတယ်။
ငွေကြေးလျော်ကြေးအပြင် xAI အနေနဲ့ ကလေးသူငယ်တွေရဲ့မူရင်းပုံရိပ်တွေကို ညစ်ညမ်းပုံရိပ်တွေအဖြစ် AI ကတစ်ဆင့် လုံးဝဖန်တီးလို့ မရအောင် နည်းပညာပိုင်းဆိုင်ရာ အကာအကွယ်တွေ (Safeguards) ကို မဖြစ်မနေ ထည့်သွင်းပေးဖို့ကိုလည်း တရားရုံးကတစ်ဆင့် တောင်းဆိုထားပါတယ်။
Ref : The Independent
