သက်တံ့
၂၀. ၃. ၂၀၂၆
အီရန်နပန်းချန်ပီယံ Saleh Mohammadi နှင့် အခြားနှစ်ဦးတို့သည် ယခုနှစ် ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော အီရန်နိုင်ငံတစ်ဝန်းဆန္ဒပြပွဲများတွင် ရဲအရာရှိနှစ်ဦးအား “ဓားများဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့သည်” ဟု စွပ်စွဲခံရပြီးနောက် လူရှေ့သူရှေ့တွင် ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရသည်။
အီရန်အစိုးရသည် ကြာသပတေးနေ့ (မတ် ၁၉ ရက်) တွင် အသက် ၁၉ နှစ်အရွယ် အီရန်နိုင်ငံ၏ နာမည်ကျော်နပန်းချန်ပီယံတစ်ဦးကို လူအများရှေ့တွင် ကြိုးပေးကွပ်မျက်ခဲ့ပြီး ၎င်းနှင့်အတူ ဇန်နဝါရီလ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးခံခဲ့ရသူ အခြားနှစ်ဦးကိုလည်း ကွပ်မျက်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲများသည် အီရန်အာဏာပိုင်များ၏ ပြင်းထန်သော နှိမ်နင်းမှုများကို ဖြစ်ပေါ်စေခဲ့သော ဆန္ဒပြပွဲများဖြစ်သည်။
အီရန်နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ နပန်းသမား Saleh Mohammadi နှင့် အခြားနှစ်ဦးတို့ကို ခုခံချေပခွင့်ရှိသော ရှေ့နေများရှေ့မှောက်တွင် ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းများ ပြီးစီးခြင်းနှင့် အီရန်တရားရုံးချုပ်၏ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ပြီးနောက် ကြာသပတေးနေ့တွင် ကြိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကွပ်မျက်မှုကို ကွန်း(Qom )မြို့တွင် အများပြည်သူရှေ့မှောက်၌ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကွန်းမြို့မှ နာမည်ကျော် နပန်းသမား Mohammadi အား ဖမ်းဆီးအပြစ်ပေးမှုအပေါ် အမေရိကန်ပြည်ထောင်စုက ဝေဖန်ကန့်ကွက်ခဲ့သည်။ အမေရိကန်က “Saleh Mohammadi နှင့် မိမိတို့၏ အခြေခံရပိုင်ခွင့်များအတွက် တောင်းဆိုခြင်းကြောင့် သေဒဏ်ပေးခံထားရသူ အားလုံးကို ကွပ်မျက်ခြင်းမှ ရပ်တန့်ရန်” တီဟီရန်အစိုးရကို ဇန်နဝါရီလကတည်းက တောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။
လူ့အခွင့်အရေးအဖွဲ့များ၏ ပြောကြားချက်အရ အီရန်အစိုးရသည် Mohammadi အား “ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်သည်” ဟု ဝန်ခံစေရန် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး တရားမျှတသော စစ်ဆေးမှုမရှိဘဲ ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။ အီရန်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Nima Far က Fox News သို့ ပြောကြားရာတွင် “ဒီကွပ်မျက်မှုဟာ ဗြောင်ကျကျ နိုင်ငံရေးအရ သတ်ဖြတ်မှုတစ်ခုဖြစ်ပြီး အတိုက်အခံတွေကို နှိမ်နင်းဖို့နဲ့ လူ့အဖွဲ့အစည်းကို ထိတ်လန့်အောင်လုပ်ဖို့ အားကစားသမားတွေကို ပစ်မှတ်ထားလေ့ရှိတဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
Mohammadi နှင့်အတူ ဆန္ဒပြသူ Mehdi Ghasemi နှင့် Saeed Davoudi တို့သည်လည်း ဇန်နဝါရီ ဆန္ဒပြပွဲအတွင်း ရဲအရာရှိနှစ်ဦးကို “ဓားများ၊ သန်လျက်များဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့သည်” ဟု စွပ်စွဲခံထားရသူများ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။ အမေရိကန်၏ တောင်းဆိုမှုများရှိသော်လည်း တီဟီရန်အစိုးရက ၎င်းတို့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။
Amnesty International အဖွဲ့ကလည်း ဤကွပ်မျက်မှုများအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး သေဒဏ်ကျသူများသည် “လုံလောက်သော ခုခံချေပခွင့် မရရှိခဲ့သည့်အပြင် အဓမ္မ ဝန်ခံခိုင်းခြင်းများကို ခံခဲ့ရသည်” ဟု စွပ်စွဲထားသည်။ Nima Far က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် ကမ္ဘာ့နပန်းအဖွဲ့ချုပ် (United World Wrestling) တို့အနေဖြင့် အားကစားသမားများအပေါ် ရက်စက်စွာ ပြုမူနေသော အီရန်အား အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းတွင် အီရန်နိုင်ငံတစ်ဝန်း၌ စီးပွားရေးပျက်ပြားမှု၊ ငွေကြေးတန်ဖိုး ထိုးဆင်းမှုနှင့် ဘာသာရေးခေါင်းဆောင်များ၏ အုပ်ချုပ်မှုအပေါ် မကျေနပ်မှုများကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ၎င်းသည် အမေရိကန်-အစ္စရေး စစ်ပွဲမတိုင်မီ အယာတိုလာ အလီ ခါမေနီ၏ အုပ်ချုပ်မှုကို အကြီးမားဆုံး စိန်ခေါ်ခဲ့သော ဆန္ဒပြပွဲလည်း ဖြစ်သည်။ အီရန်အာဏာပိုင်များသည် အဆိုပါ ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့ရာ အီရန်နိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။
ဤသတ်ဖြတ်မှုများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ကွပ်မျက်မှုများ မပြုလုပ်ရန် အီရန်အား သတိပေးခဲ့ပြီး ဆန္ဒပြသူများအား “အကူအညီများ မကြာမီ ရောက်ရှိလာတော့မည်” ဟု ပြောကြားခဲ့ပြီးနောက် အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်တိုက်ခိုက်ကာ ခါမေနီအပါအဝင် အီရန်ခေါင်းဆောင်များစွာကို သုတ်သင် ရှင်းလင်းခဲ့သည်။
