◾️ တရုတ်တီထွင်သည့် အနမ်းပန်းကိရိယာက အင်တာနက်ပေါ်တွင် မိမိချစ်သူနှင့် စိတ်အားတက်ကြွစွာ နမ်းရှုတ်မှုကို ဖြစ်စေမည်လော

၂၅. ၂. ၂၀၂၃
Translated by Htwe Ko Tun

နည်းပညာများအဆက်မပြတ် တိုးတက်နေသည့် နှစ်ဆယ့်တစ်ရာစု နည်းပညာခေတ်ကြီးတွင် တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲ့သော မိမိ၏ချစ်သူနှင့် နမ်းရှုတ်ခြင်း မပြုရသည်မှာ ကြာမြင့်ပြီဖြစ်သူများအတွက် အွန်လိုင်းမှနမ်းရှုတ်နိုင်ရန် အနမ်းပန်းကိရိယာကို ထူးထူးဆန်းဆန်းတွေ့ကြရပြန်ပြီဖြစ်သည်။

ထိုကိရိယာက မတွေ့ရ၊ မဆုံရသည်မှာ ကြာပြီဖြစ်သောအလှမ်းဝေးနေသည့် ချစ်သူစုံတွဲများအတွက် အွန်လိုင်းမှ ချစ်ကျွမ်းဝင်နိုင်ရန် နည်းလမ်းတစ်ခုဟုလည်း ကြော်ငြာထားပြန်သည်။

လှုပ်ရှားနေသော ဆီလီကွန်နှုတ်ခမ်းနှစ်လွှာပါဝင်သည့် အဆိုပါ အွန်လိုင်းမှ အနမ်းပန်းကိရိယာက ကြော်ငြာသည့်အချိန်မှာပင် တရုတ်နိုင်ငံ၏ လူမှုကွန်ရက်ပရိသတ်များအကြား လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ကာ စိတ်ဝင်စားမှုရှိခြင်း၊ ထူးဆန်းတုန်လှုပ်ခြင်းစသည့် ခံစားမှုများနှင့်တုံ့ပြန်လာကြသည်ကို တွေ့ရသည်။

အနမ်းပန်းကိရိယာတွင် အာရုံခံကိရိယာများ၊ လှုံ့ဆော်အသက်သွင်းစက်များလည်း တပ်ဆင်ထားကာ အသုံးပြုသူနှုတ်ခမ်းများ၏ ဖိအား၊ လှုပ်ရှားမှုနှင့် အပူချိန်တို့ကို ပုံတူပွားခြင်းဖြင့် အတုအယောင်နမ်းရှုတ်မှုတစ်ရပ်ကို အမှန်တကယ်ချစ်သူနှင့် ဖက်ရမ်းနမ်းရှုတ်နေရသည့်သဖွယ်ဖြစ်စေမည်ဟု ဆိုသည်။ ဖက်ရမ်းနမ်းရှုတ်မှုနှင့်အတူကိရိယာက အသုံးပြုသူ၏ အသံများကို ထုတ်လွှင့်ပေးမည်ဟု ဆိုပြန်သည်။

လူမှုကွန်ရက်အသုံးပြုသူအများအပြားကမူ အနမ်းပန်းကိရိယာကို ရယ်ဖွယ်ရာဟာသတစ်ခုအဖြစ်ပင် ရှုမြင်ကြသော်လည်း ၎င်းအား အရှက်မရှိသော ပြုလုပ်မှုလုပ်ရပ်တစ်ခုနှင့် စိုးရွံ့ဖွယ်လုပ်ရပ်အဖြစ် ဝေဖန်လာကြသူများရှိနေသည်။ အချို့ဆိုလျှင် ကလေး၊ လူငယ်များက ထိုကိရိယာကို ဝယ်ယူအသုံးပြုကြမည်ကိုစိုးရိမ်ကြောင်း ပြောကြားလာကြသည်။

အနမ်းပန်းကိရိယာကိုအသုံးပြုသူအနေဖြင့် ဦးစွာ၎င်း၏ မိုဘိုင်းဖုန်းတွင် ပရိုဂရမ်(APPLICATION) ကို ဒေါင်းလုဒ်ရယူရမည်ဖြစ်သည်။ ထို့နောက် ဝေးကွာနေရသည့် ချစ်သူနှင့် ပရိုဂရမ်မှတစ်ဆင့် ဆက်သွယ်ကာ ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်ကြရမည်ဖြစ်သည်။ ဆက်လက်၍ ၎င်းတို့၏ပုံတူပွားများ ထုတ်လွှင့်ကာ အွန်လိုင်းပေါ်တွင် ပရိုဂရမ်မှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ဖက်ရမ်းနမ်းရှုတ်နိုင်ကြမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ အွန်လိုင်းဝက်ဘ်ဆိုတ်ဖြစ်သော Taobao ၌ အနမ်းပန်းကိရိယာအား ၂၈၈ ယွမ်(၄၁ အမေရိကန်ဒေါ်လာ) ဖြင့် ကြေညာထားကာ အသုံးပြုသူအများအပြားက ၎င်းတို့အမြင်များကို ရေးသားထားကြသည်ကို တွေ့ရပေသည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *