၂၅. ၂. ၂၀၂၃
Written by Nay Aung

တပ်မတော်နှင့် ဆက်နွယ်သောလုပ်ငန်းများ၊ တပ်မတော် အကျိူးကျေးဇူးဖြစ်စေနိုင်သော မြန်မာနိုင်ငံအတွက် ပြုလုပ်ပေးနေသည့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးမှု စီမံကိန်းများကို သင့်လျော်သလို ကိုင်တွယ်လုပ်ဆောင်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်သည် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော ဂျပန်လွတ်တော်အတွင်း လွှတ်တော်အမတ်များ၏ မေးခွန်းမေးမြန်းခြင်းကို လာရောက်ဖြေဆိုချိန်တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂျပန် ဆောက်လုပ်ရေးကုမ္မဏီ Yokogawa Bridge Corp ကဆောင်ရွက်ပေးလျက်ရှိသည့် ပဲခူးမြစ် တံတားတည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး ဂျပန်အစိုးရက ငွေကြေးကူညီထောက်ပံ့ပေးမှုများရှိနေသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် လွှတ်တော်အတွင်းမေးခွန်းမေးမြန်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားတည်ဆောက်ရေး ဂျပန်ကုမ္ပဏီသည် တံတားတည်ဆောက်ရေးအတွက်လိုအပ်သော သံနှင့်သံမဏိများကို မြန်မာ့တပ်မတော်နှင့် ဆက်နွှယ်သော MEC ထံမှရယူနေခြင်းဖြစ်ရာ မြန်မာ့တပ်မတော်အတွက် အကျိုးကျေးဇူးများရှိနေသည်ဟု ဝေဖန်မှုများရှိခဲ့ဖူးသည်။

အဆိုပါ Yokogawa Bridge Corp သည် အမေရိကန်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တံတားတည်ဆောက်ရေးစီမံကိန်းအတွက် လိုအပ်သောပစ္စည်းများ ရယူနိုင်ရန် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ MEC ထံ အမေရိကန်ဒေါ်လာ ၂သန်း လွှဲပြောင်းပေးခဲ့ဖူးကြောင်း၊ လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ဆိုသည်။

ဂျပန်ဝန်ကြီးချုပ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးစနစ် လျင်မြန်စွာကူးပြောင်းစေလိုလျှင် ၎င်းတို့၏ ကတိများကိုအပြည့်အဝ အကောင်ထည်ဖော်သင့်ပြီး တိကျသောဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်း Human Rights Watch က ပြောသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာ့တပ်မတော်အပြင် တပ်မတော်နှင့်ဆက်နွယ်သောလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ခြင်းအပြင် မြန်မာနိုင်ငံကို ကူညီပေးနေသော လူသားချင်းဆိုင်ရာစာနာမှုအကူညီမဟုတ်သောအကူညီများကို ဆိုင်းငံ့ထားသင့်ကြောင်း၊ Human Rights Watch က ဆိုသည်။ မြန်မာနိုင်ငံတွင်အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့်ကနေဒါနိုင်ငံတို့က ပိတ်ဆိုမှုများချမှတ်ခဲ့သော်လည်း ဂျပန်နိုင်ငံက ပိတ်ဆို့မှုချမှတ်ခြင်းမရှိကြောင်းသိရသည်။

ref —hrw

Leave a Reply

Your email address will not be published. Required fields are marked *