


၁၇. ၃. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ၊ ဝိပ္ပံတွဲနှင့် ဝိဇ္ဇာတွဲ စာမေးပွဲများ ယနေ့ အောင်မြင်စွာပြီးစီးခဲ့ပြီး ဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေ၏ ၉၄ ရာခိုင်နှုန်းကျော် လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်တွင် မြန်မာစာဘာသာ၊ မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာ၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာ၊ မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) တစ်ရက်ပိတ်ပြီး မတ်လ ၁၆ ရက်တွင် ရူပဗေဒနှင့် သမိုင်းဘာသာ၊ နောက်ဆုံးဖြစ်သည့် ယနေ့ မတ်လ ၁၇ ရက်တွင် ဇီဝဗေဒနဲ့ ဘောဂဗေဒဘာသာတို့ကို ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။
ယခု ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၈၇ ခု ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ ၂၆၈,၇၅၃ ဦးရှိခဲ့ပြီး စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့ကို လာရောက်ဖြေဆိုသူဦးရေ ၂၅၄,၆၂၄ ဦး (၉၄ ဒသမ ၇၄ ရာခိုင်နှုန်း) အထိ လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ် ဆောင်ရွက်ထားပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ ၂၂၀,၈၄၃ ဦးရှိခဲ့သည့်အနက် စာမေးပွဲနောက်ဆုံးနေ့အထိ လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်း ၂၀၈,၄၅၄ ရှိခဲ့သည့်အတွက် စာရင်းပေးသွင်းသူဦးရေ၏ ၉၄ ရာခိုင်နှုန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ထို့အတူ ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း မတ်လ ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် စက်မှုအတတ်ပညာ၌ (လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်း ဘာသာရပ်၊ စက်မှုလုပ်ငန်းသုံးလျှပ်စစ်မော်တာထိန်းချုပ်မှုဘာသာရပ်၊ စက်ခုတ်စားမှုနည်းပညာဘာသာရပ်)၊ စိုက်ပျိုးရေးအတတ်ပညာတွင် (လူမှုရေးသိပ္ပံဘာသာရပ်)နှင့် မွေးမြူရေးအတတ်ပညာတွင် (စားမြုံ့ပြန်သတ္တဝါ မွေးမြူထုတ်လုပ်ရေးဘာသာရပ်)များကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူစုစုပေါင်း ၃,၃၆၄ ဦး (၉၉ ဒသမ ၃၅ ရာခိုင်နှုန်း) အထိ လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့တွင် စာမေးပွဲဖြေဆိုမှု နောက်ဆုံးရက်အဖြစ် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၁၈ ရက် (မနက်ဖြန်) အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပုံစာ-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးရက်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနတစ်ခု၌ ကျောင်းသား/ကျောင်းသူများ စာမေးပွဲလာရောက်ဖြေဆိုခဲ့မှုကို တွေ့ရစဉ်။
