အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ပြည်သူ ၁ သန်းခွဲခန့်အတွက် အိမ်ယာအသစ် ၅၀၀,၀၀၀ ခန့် လိုအပ်နေ

၂၅. ၂. ၂၀၂၃
Translated by Htwe Ko Tun

တူရကီနိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက်မှ စတင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်များကြောင့် ပျက်စီးခဲ့ရသော အိုးအိမ်အဆောက်အအုံများကို အစိုးရအနေနှင့် ပြန်လည်တည်ဆောက်မှု စတင်လျက်ရှိပြီဖြစ်ကြောင်း တူရကီအစိုးရ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အင်အားပြင်းငလျင်များကြောင့် တူရကီနိုင်ငံအတွင်း လူနေတိုက်ခန်း ၅၂၀,၀၀၀ အပါအဝင် တိုက်တာအဆောက်အအုံပေါင်း ၁၆၀,၀၀၀ ကျော် ပြိုကျမှု(သို့မဟုတ်)ပြင်းထန်စွာထိခိုက်ပျက်စီးမှုတို့ ဖြစ်ခဲ့ရသည်။ ငလျင်ကြောင့် သေဆုံးရသူဦးရေမှာလည်း တူရကီနိုင်ငံ သဘာဝဘေးဒဏ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့(AFAD) ၏ ထုတ်ပြန်ချက်အရ တူရကီနိုင်ငံတွင် ဖေဖော်ဝါရီ ၂၄ ရက်ညအထိ ၄၄,၂၁၈ ဦးရှိပြီဟု သိရသည်။ ဆီးရီးယားအစိုးရ၏ ကြေညာချက်အရ ဆီးရီးယားတွင် ငလျင်ကြောင့်သေဆုံးသူ နောက်ဆုံးစာရင်းမှာ ၅,၉၁၄ ဦးရှိလာရာ တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံပေါင်းတွင် ဖေဖော်ဝါရီ ၂၄ ရက်ညအထိ ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၅၀,၀၀၀ ကျော်ရှိသွားပြီဖြစ်သည်။

တူရကီနိုင်ငံသမ္မတ အာဒိုဂန်က ငလျင်ကြောင့်ပျက်စီးခဲ့ရသော အဆောက်အအုံများကို တစ်နှစ်အတွင်း ပြန်လည်တည်ဆောက်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ကျွမ်းကျင်သူများက ပြန်လည်တည်ဆောက်ရေးတွင် အစိုးရအနေဖြင့် အချိန်မြန်မှုထက် လုံခြုံစိတ်ချရမှုကိုဦးစားပေးသင့်ကြောင်း ဝေဖန်ပြောကြားခဲ့ကြသည်။ အဆောက်အအုံများအနေနှင့်ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန်အတွက် ၎င်းတို့ကို ပြန်လည်တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည်ဟု ပြောခဲ့ကြသည်။

အစိုးရအရာရှိတစ်ဦးကမူ အဆောက်အအုံများပြန်လည်ဆောက်လုပ်ရေးအတွက် စီမံကိန်းများ၊ တင်ဒါခေါ်ခြင်းများနှင့် သဘောတူညီချက်များ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ကို လျင်မြန်စွာဆောင်ရွက်နေကြောင်း ပြောခဲ့သည်။ သို့သော် ၎င်းက အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်မည့် လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မပြောကြားခဲ့ပေ။

ယခုအခါ ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသူများမှာ အစိုးရကထောက်ပံ့သော ယာယီတဲများ၌ပင် စုဝေးနေရလျက်ရှိသည်။ သို့သော် ဒုက္ခသည်များအတွက် ယာယီတဲပေါင်းများစွာ လိုအပ်လျက်ရှိသေးသည်။ တူရကီအစိုးရအနေဖြင့် ကနဦးစီမံကိန်းအဖြစ် တိုက်ခန်းတွဲ ၂၀၀,၀၀၀ နှင့် ကျေးရွာအိမ် ၇၀,၀၀၀ တို့ကို အနည်းဆုံး ဒေါ်လာ ၁၅ သန်း အကုန်အကျခံတည်ဆောက်သွားမည်ဟု ပြောခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) က တူရကီနိုင်ငံတွင် ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ပြည်သူ ၁ ဒသမ ၅ သန်းခန့်ရှိပြီး အိမ်ယာအသစ် ၅၀၀,၀၀၀ ခန့်လိုအပ်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့်လည်း ငလျင်ဘေးဒုက္ခသည်အားလုံးအတွက် လုံခြုံစိတ်ချမှုရှိသော အိုးအိမ်များ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရန်မှာ တူရကီအစိုးရအတွက်လည်း အဓိကအခက်အခဲဖြစ်နေရသည်။

Ref—Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *