၂၅. ၂. ၂၀၂၃
Written by Nyein Kyaw

ကိုဗစ်ကာလအခက်အခဲကြောင့် တချို့သောခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သဖြင့် လက်ရှိတွင် ခရီးသွားလုပ်ငန်းများမှ လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် ထပ်မံသက်တမ်းတိုးခြင်း ထက်ဝက်ခန့်သာရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက် ပြုလုပ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှ သိရသည်။

“ကျွန်တော်တို့အသင်းမှာ ကိုဗစ်မတိုင်ခင်က အသင်းသားပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ ကိုဗစ်ကာလမှာ လုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့အတွက် အသင်းသားများက တချို့သော အခြားစီးပွားရေးတွေ ပြောင်းပြီးတော့ လုပ်ကြတာတွေရှိတယ်။ ဒီလိုတွေလုပ်ကြတဲ့အခါမှာ ကိုယ့်ရဲ့ပင်မခရီးသွားလုပ်ငန်းများ စွန့်လွှတ်ပြီးတော့ လုပ်ငန်းတွေပြောင်းသွားတဲ့အတွက် အသင်းမှာဆက်ပြီး သက်တမ်းမတိုးနိုင်တာတွေ၊ အကြောင်းအမျိုးမျိုးရှိခဲ့ပါတယ်။ ဒီနေ့ဒီချိန်မှာတော့ ကိုဗစ်အလွန်ကာလမှာ အလုပ်ပြန်လုပ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသင်းသားများက သက်တမ်းထပ်တိုးတာ ဒီနေ့ဆို ၃၀၀ ကျော်ရှိပါတယ်။ မကြာမီအတွင်းမှာ အသင်းသား ၅၀၀ လောက်အထိ ပြန်ရောက်လာလိမ့်မယ်လို့ ယူဆပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍတွင် အပြင်းထန်ဆုံးအခက်အခဲများ ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်မည့် အခြေအနေကောင်းများရှိလာသည့်အတွက် တချို့သောခရီးသွားလုပ်ငန်းများမှာ လုပ်ငန်းပြန်လည်စတင်နိုင်နေပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့ဒီအချိန်မှာ ကိုဗစ်ကာလမှစတင်ပြီး ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်။ လုပ်ငန်းအားဖြင့် လုံးဝလည်ပတ်မှုမရှိဘဲနဲ့ ရပ်သွားတာနဲ့ ဒီလိုခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်တဲ့ အခြေအနေတွေ ကျွန်တော်တို့ ပြန်ပေါ်ပေါက်လာပြီ။ တချို့သောခရီးသွားကုမ္ပဏီတွေလည်း လုပ်ငန်းတွေ ပြန်လည်လည်ပတ်နေတဲ့အခြေအနေလေး ပြန်ရောက်လာပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အခက်အခဲများသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့၏ သမိုင်းတစ်လျှောက်တွင်လည်း အဆိုးဆုံးအချိန်ကို ဖြတ်ကျော်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *